THN Public Media Blog သတင်း ပြည်တွင်း မြန်မာနိုင်ငံမှာ အမေရိကန် သံတမန်တဦး သေဆုံး၊ ထိုင်းအမျိုးသမီးတဦးကို ဖမ်းဆီးထိန်းသိမ်းထား
ပြည်တွင်း

မြန်မာနိုင်ငံမှာ အမေရိကန် သံတမန်တဦး သေဆုံး၊ ထိုင်းအမျိုးသမီးတဦးကို ဖမ်းဆီးထိန်းသိမ်းထား

A car leaves the US embassy in Yangon on February 2, 2021, as Myanmar's generals appeared in firm control a day after a surgical coup that saw democracy heroine Aung San Suu Kyi detained. (Photo by STR / AFP) (Photo by STR/AFP via Getty Images

မေ ၁၁ – ၂၀၂၆

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ အမေရိကန် သံတမန်တဦး သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး၊ ဒီအမှုနဲ့ ဆက်စပ်လို့ ထိုင်းအမျိုးသမီး တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ထား ပါတယ်။

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် သံတမန်တဦး သေဆုံးသွားခဲ့တာ မှန်ကန်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တုန်းက AP သတင်းအေဂျင်စီကို အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီသံတမန် သေဆုံးရတဲ့ အကြောင်းရင်း ဒါမှမဟုတ် ပတ်ဝန်းကျင် အခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကိုတော့ ဝန်ကြီးဌာနဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။

“သေဆုံးသူရဲ့ မိသားစုနဲ့ ချစ်ခင်ရသူတွေရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို လေးစားတဲ့ အနေနဲ့ လောလောဆယ်မှာတော့ ကျွန်တော်တို့ဘက်က ထပ်မံ ထုတ်ပြန်ပေးဖို့ အချက်အလက် မရှိသေးပါဘူး” လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

AP သတင်းဌာနကို ပြောပြခဲ့တဲ့ မြန်မာနိုင်ငံက သံတမန် ၃ ဦးရဲ့ အဆိုအရ မြန်မာရဲတပ်ဖွဲ့ဟာ ဒီသေဆုံးမှုကို လူသတ်မှု ဖြစ်နိုင်ခြေ အဖြစ် သတ်မှတ်ပြီး ကိုင်တွယ် စုံစမ်းနေတယ်လို့ သိရပါတယ်။

အဲဒီသံတမန်ဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က အမေရိကန်သံရုံးနဲ့ ၁ မိုင် လောက် အကွာမှာ ရှိတဲ့ ဟိုတယ်တခုမှာ သေဆုံးနေတာကို တွေ့ခဲ့ရတာလို့ သူတို့က ပြောပါတယ်။

အဲဒီအဆောက်အအုံဟာ ရေရှည် ငှားရမ်းနေထိုင်လို့ရတဲ့ နေရာတခု ဖြစ်ပြီး သံတမန်တွေ၊ စီးပွားရေး သမားတွေနဲ့ တခြားနိုင်ငံတကာက လာရောက် လည်ပတ်သူတွေကြားထဲမှာ ရေပန်းစားတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

မြန်မာရဲတပ်ဖွဲ့ဘက်ကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး လူသိရှင်ကြား တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ထိုင်းအမျိုးသမီး အတွက် ကောင်စစ်ရေးဆိုင်ရာ ကူညီမှုတွေ ပေးထားပြီး သူမရဲ့ မိသားစု ဆီကိုလည်း အကြောင်းကြားထားပြီးပြီလို့ ပြောပေမဲ့ အသေးစိတ် ကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version