
ဧပြီ ၃ – ၂၀၂၆
အာဏာသိမ်း စစ်အာဏာရှင် မင်းအောင်လှိုင်ကို ရိုဟင်ဂျာ ဂျီနိုဆိုက် အမှုနဲ့ လူပုဂ္ဂိုလ် ၁၀ ဦးတို့ကနေ လာမယ့် ဧပြီလ ၆ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ အစိုးရရှေ့နေရုံးမှာ တိုင်ကြားစာကို တင်သွင်းသွားမှာ ဖြစ်တယ်လို့ အဖွဲ့ ၃ ဖွဲ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ထား ပါတယ်။
လူပုဂ္ဂိုလ် ၁၀ ဦးထဲမှာ ဂျီနိုဆိုက်က လွတ်မြောက်လာသူ Yasmin Ullah၊ အင်ဒိုနီးရှားနိုင်ငံရှေ့နေချုပ်ဟောင်း Marzuki Darusmani နဲ့ အင်ဒိုနီးရှား နိုင်ငံ အကြီးဆုံး မွတ်ဆလင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ Busyro Muqoddas တို့ ပါဝင်တယ်လို့ သိရပါတယ်။
Yasmin Ullah က သူမ ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတဲ့ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သက်သေ အထောက် အထားများကို တင်ပြသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထုတ်ပြန်ချက်မှာပါတဲ့ မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက် (MAP) အဖွဲ့ ဒါရိုက်တာ ခရစ်တိုဖာ ဂန်းနက်စ် လို့ မြန်မာတွေ အသိများတဲ့ Chris Gunness ကလည်း “အတုအယောင် ရွေးကောက်ပွဲတွေအပြီး မင်းအောင်လှိုင် က သူ့ကိုယ်သူ သမ္မတ အဖြစ် ကြေညာနေချိန်မှာပဲ အခုလို လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်အသစ်တွေ ထွက်ပေါ် လာတာဟာ ထူးခြားတဲ့ တိုက်ဆိုင်မှုတခုပါပဲ။
ဒီလို အဆင့်မရှိတဲ့ အာဏာရှင်က သူ့ကိုယ်သူ သမ္မတပါလို့ ရာထူးတပ်နေရင်း ပြည်သူလူထု အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတာဟာ မြန်မာ ပြည်သူတွေ ရဲ့ ဆန္ဒနဲ့ တရားဥပဒေ စိုးမိုးရေးအပေါ်မှာ ဘယ်လောက် တောင် ပြောင်ပြောင်တင်းတင်း စော်ကားပြုမူ နေသလဲဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
ဧပြီလ ၆ ရက်နေ့မှာ ဂျာကာတာမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ဖေါ်ပြထားပါတယ်။
—————————