သမ္မတ ထရမ့်အစိုးရအဖွဲ့ဟာ အမျိုးသားအစောင့်တပ်ဖွဲ့ ပစ်ခတ်ခံရပြီးနောက် လူဝင်မှု ကြီးကြပ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်စိစစ်တော့မှာ ဖြစ်ပြီး မြန်မာအပါအဝင် ၁၉ နိုင်ငံက Green Card လို့ ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူတွေကို ပြန်လည် ဆန်းစစ်မှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
အရင် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်က အတည်ပြု ပေးထားခဲ့သော ခိုလှုံခွင့်လျှောက်ခဲ့သူတွေနဲ့ နိုင်ငံ ၁၉ နိုင်ငံက ဝင်ရောက်လာသူတွေကို ထုတ်ပေးခဲ့တဲ့ အမြဲတမ်းနေထိုင်ခွင့် Green Card တွေကို ပြန်စိစစ်ဖို့ ထရမ့်က အမိန့်ပေးခဲ့ကြောင်း ပြည်တွင်း လုံခြုံရေးဌာန အရာရှိတွေက မနေ့က ပြောကြား လိုက်ပါတယ်။
Green Card ပြန်လည်စိစစ်မယ့် နိုင်ငံ ၁၉ နိုင်ငံတွေကတော့
• အာဖဂန်နစ္စတန် (Afghanistan)
• မြန်မာ (Burma)
• ချဒ် (Chad)
• ကွန်ဂိုသမ္မတနိုင်ငံ (Republic of the Congo)
• အီကွေတာဂီနီ (Equatorial Guinea)
• အီရီထရီးယား (Eritrea)
• ဟေတီ (Haiti)
• အီရန် (Iran)
• လစ်ဗျား (Libya)
• ဆိုမာလီယာ (Somalia)
• ဆူဒန် (Sudan)
• ယီမင် (Yemen)
• ဘူရွန်ဒီ (Burundi)
• ကျူးဘား (Cuba)
• လာအို (Laos)
• ဆီယာရာလီယွန် (Sierra Leone)
• တိုဂို (Togo)
• တာ့ခ်မင်နစ္စတန် (Turkmenistan)
• ဗင်နီဇွဲလား (Venezuela) တို့ဖြစ်ကြပါတယ်။
ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်နဲ့ မလှမ်းမကမ်းမှာ အမျိုးသား အစောင့်တပ်ဖွဲ့ ဝင်နှစ်ဦးကို ပစ်ခတ်ခဲ့တဲ့ သံသယရှိသူဟာ အာဖဂန်နစ္စတန် ကနေ ၂၀၂၁ ခုနှစ်မှာ ပြန်လည် နေရာချထားရေး အစီအစဉ် အရ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာတာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
အဲဒီလို ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာမှာ အမေရိကန်နိုင်ငံသား နဲ့ လူဝင်မှု ကြီးကြပ်ရေး ဌာန (USCIS) ကနေ အာဖဂန်နစ္စတန် နိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တောင်းဆိုမှု အားလုံးကို ချက်ချင်း အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
မနေ့ ကြာသပတေးနေ့မှာတော့ ပြည်တွင်းလုံခြုံရေးဌာန (DHS) က ဘိုင်ဒန်အစိုးရ လက်ထက်က အတည်ပြုခဲ့တဲ့ ခိုလှုံခွင့်လျှောက်ထားသူ အားလုံးကို ပြန်လည်စိစစ်ဖို့ ပါဝင်ကြောင်း ပြောကြား ပါတယ်။
အမျိးသားအစောင့်တပ်ဖွဲ့တွေကို ပစ်ခတ်ခဲ့တဲ့ သံသယရှိသူ သေနတ်သမားဟာ ထရမ့်လက်ထက် ဒီနှစ်ထဲမှာ ခိုလှုံခွင့် ရရှိထားသူ ဖြစ်ကြောင်း သိရပါတယ်။
USCIS ဒါရိုက်တာ Joseph Edlow က ထရမ့်ရဲ့ တောင်းဆိုချက် အရ “စိုးရိမ်ရတဲ့ နိုင်ငံတိုင်းက နိုင်ငံခြားသားတွေကို ပေးထားတဲ့ Green Card တိုင်းကို အပြည့်အဝ တင်းတင်းကျပ်ကျပ် ပြန်လည်စိစစ်ဖို့” သူ့အနေနဲ့ ညွှန်ကြားခဲ့ကြောင်း ပြောကြားပါတယ်။
အမေရိကန်အနေနဲ့ ဘယ်နိုင်ငံတွေကို စိုးရိမ်ရတဲ့ နိုင်င်ငံတွေ အဖြစ် သတ်မှတ်တယ် ဆိုတာကိုတော့ သူက ပြောကြားခြင်းမရှိပါ။
—————————
THN Public Media
