ကရင်ပြည်နယ် ထိုင်းမြန်မာနယ်စပ် မြန်မာဘက်ခြမ်း အမှတ် ၁ ချစ်ကြည်ရေး တံတား အစည်းအဝေး ခန်းမမှာ ဒီကနေ့ နေ့လည်ပိုင်းက မြန်မာ ထိုင်း တရုတ် သုံးနိုင်ငံ အွန်လိုင်းလိမ်လည် (ကျားဖျန့်) နှိမ်နင်ရေး အတွက် အစည်းအဝေး တရပ်ကျင်းပခဲ့ပါတယ်။
တရုတ်နိုင်ငံက ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး လျူကျုံးယီ နဲ့ မြန်မာဘက်က ဒုရဲချုပ် မျိုးမင်းထိုက် တို့ တက်ရောက်ကာ ထိုင်းဘက်ကတော့ ရဲချုပ် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံ အနေနဲ့ ACSC (Anti Cyber Scam Center) ယန္တရားကို အသုံးပြုပြီး သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေး ဗဟိုအဖြစ် ဆောင်ရွက်မယ်လို့ သိရပါတယ်။
ဒ့ါအပြင် ရာဇဝတ်ကွန်ရက်တွေကို ဖေါ်ထုတ်ဖို့ အတွက် သတင်းအချက်အလက်/သက်သေ အထောက်အထားတွေကို ဖလှယ်ဖို့ ပူးတွဲလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဖို့ အဆိုပြုခဲ့ပါတယ်။
နယ်စပ်ဒေသ ရာဇဝတ်ဂိုဏ်း အဆောက်အဦးတွေကို လျှပ်စစ်မီးနဲ့ အင်တာနက် ဆက်လက် ဖြတ်တောက်ရေး အကန့်အသတ်မရှိ ဆက်လက်ဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။
တရုတ်ဝန်ကြီးနဲ့ အဖွဲ့ဟာ KK Park နဲ့ ရွှေကုက္ကိုလ် ဒေသက ဖမ်းဆီးမိတဲ့ ကျားဖျန့် တရုတ်တွေကို ထားရှိတဲ့ မြဝတီမြို့ “ထိန်းသိမ်းရေးခန်း” ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
ဒီတရုတ်လူမျိုးတွေကို တရုတ်နိုင်ငံ ပြန်လည် ပို့ဆောင်ဖို့ အတွက် ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
တရုတ်ဝန်ကြီး နဲ့ အဖွဲ့ဟာ မဲဆောက်ကို အရင်သွားပြီး အဲဒီကမှ မြန်မာနိုင်ဘက် လာရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့တုန်းကတော့ တရုတ်ဝန်ကြီးနဲ့ အဖွဲ့ဟာ နေပြည်တော်မှာ မြန်မာ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီသုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ နယ်စပ်ဒေသတွေက ရာဇဝတ်သားတွေ အတွက် လုံခြုံရာနေရာမရှိတော့ကြောင်း ရှင်းလင်းတဲ့ သတိပေးချက်တခု ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
Ref: reporters
—————————
THN Public Media
