THN Public Media Blog သတင်း နိုင်ငံရေး မြဝတီ – ကော့ကရိတ် – ဘားအံ အာရှလမ်းမကြီး ဒီကနေ့ ပြန်ဖွင့်
နိုင်ငံရေး ပြည်တွင်း

မြဝတီ – ကော့ကရိတ် – ဘားအံ အာရှလမ်းမကြီး ဒီကနေ့ ပြန်ဖွင့်

ဧပြီ ၂ – ၂၀၂၆

၂ နှစ်ကျော်ကြာ ပိတ်ထားတဲ့ ထိုင်း – မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် – ဘားအံ အာရှလမ်းမကြီးကို ဒီနေ့ ဧပြီ ၂ ရက်နေ့ မနက်ပိုင်းကစပြီး ပြန်လည် ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။

လက်ရှိမှာ ဆိုင်ကယ် နဲ့ အိမ်စီးကား ၊ လူစီး ခရီးသည်တင် ကားတွေကို ဖြတ်သန်းသွား လာခွင့်ပြုထားပြီး ကုန်ကားတွေကိုတော့ သွားလာခွင့် မပြုသေးဘူးလို့ သိရပါတယ်။

ဒီကနေ့မနက် အာရှလမ်းမကြီး ကနေ ဖြတ်သန်းသွားလာခဲ့တဲ့ ခရီးသွား ပြည်သူတယောက်က ” အာရှလမ်းဖွင့်ပါပြီ။ အားလုံး အေးအေးဆေးဆေး ပါပဲ။ ပုံမှန်လိုပဲ သွားလာနေကြပါတယ်။ ဆိုင်ကယ်တွေလည်း သွားနေ ကြတယ်။ အိမ်စီးကားတွေ၊ ခရီးသည်တင်ကား တွေ တော်တော်လေး တွေ့ရတယ်။ ကုန်ကားတွေကတော့ ပေးမဖြတ်ပါဘူး။ သွင်းကုန်လိုင်စင်မှ ချမပေးသေးတာ။ အမှတ်၂တံတားကလည်း မဖွင့်သေးဘူးလေ။ အခုက ကုန်ကားတွေက တောလမ်းကပဲသွားလို့ရတာ။ ” လို့ ပြောပါတယ်။

အာရှလမ်းမကြီး သွားလာခွင့် ရရှိပြီဖြစ်တဲ့ အတွက် မြဝတီ ကနေ ဘားအံ ကို အချိန် ၂ နာရီကျော်နဲ့ သွားလာနိုင်ပြီ ဖြစ်လို့ လူနာတင်ယာဥ်တွေ၊ ဒေသတွင်းသွားလာမှု ၊ ဒေသတွင်း ကုန်စည်စီးဆင်းမှု အရင်က ထက်ပိုပြီး မြန်ဆန် သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

” ဒီနေ့တော့ လမ်းပိုင်းမှာဘာမှ အတားအဆီးမရှိ သွားလို့ရခဲ့ပါတယ်။ မြဝတီ ကနေ ကော့ကရိတ် အထိကို ဝှစ်သောက်ကား ဆိုင်ကယ် အတားဆီး အစစ်ဆေးမရှိပါဘူး။ ဆိုင်ကယ်၊ ကား အစီးရာနဲ့ချီ သွားလာ နေတာလည်း တွေ့ရပါတယ်။ ” လို့ မြဝတီ ကနေ ကော့ကရိတ်အထိ သွားလာခဲ့သူ တယောက်က ပြောပါတယ်။

အာရှလမ်းမကြီး ဖွင့်လှစ်ပြီးနောက် မကြာမီကာလမှာ တောလမ်းတွေ ဖြစ်တဲ့ ကြက်ဥတောင် ၊ ထို့ကော်ကိုး ၊ ၁၀၁၈ လမ်းတွေကို သွားလာ ဖြတ်သန်းခွင့် ပိတ်မယ့် အခြေအနေ ရှိတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

Crd – VOM

Photo: CJ

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version