War ပြည်တွင်း

မြိုင်မြို့ ၁ မိုင်ခွဲလောက်မှာ PDF တွေ ဝိုင်းရံပိတ်ဆို့၊ ဒေသခံထောင်ချီ စစ်ဘေးရှောင်

မေလ ၂၅ – ၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့မှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာ မြန်မာ့စီးပွားရေးဘဏ်၊ မြို့မရဲစခန်းနဲ့ မြို့မဈေးတို့မှာ အခိုင်အမာ တပ်စွဲ ထားပြီး PDF တွေက မြို့နဲ့ ၁ မိုင်ခွဲခန့် အကွာအဝေး အထိ စစ်ရေး ဖြန့်ကျက်ကာ မြို့ကို ဝိုင်းရံ ပိတ်ဆို့ထားနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ စစ်ရှောင်တွေ အတွက် ကူညီပေးနေသူ တဦးက ပြောပါတယ်။

မြိုင်မြို့နယ်အတွင်း အခုလို စစ်ရေးတင်းမာမှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင် နေရတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က လေကြောင်း ကနေ ထပ်မံ အင်အားဖြည့်တင်းပြီး မြိုင်မြို့နယ် အတွင်း နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေတာကြောင့် စစ်ဘေးရှောင်တွေဟာ တောတောင်တွေနဲ့ ဘေးလွတ်မယ်ထင်တဲ့ အနီးအနားက ကျေးရွာတွေမှာ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

“မိုးရာသီလည်း ရောက်လာပြီဆိုတော့ စစ်ရှောင်တွေ အမိုးအကာ အောက်ရောက်ဖို့၊ ယာယီတဲတွေ ဆောက်ဖို့ အရေးတကြီး လိုတယ်။ ဆန်နဲ့ အခြေခံ စားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ ဖျားနာပျောက်ဆေး လိုမျိုး ဆေးဝါးတွေလည်း လိုတယ်။ ရေရှားပါးတဲ့ ပြဿနာကိုလည်း ရင်ဆိုင် နေရတာဆိုတော့ ရေသန့်တွေလည်း လိုပါတယ်။ ဒါပေမယ့် အစိုးရတပ်က ဒီ ပခုက္ကူခရိုင်ထဲမှာ ‘ဖြတ်လေးဖြတ်’ ဗျူဟာနဲ့ ပိတ်ဆို့ ထားတာ ဆိုတော့ စစ်ရှောင်တွေရဲ့ လိုအပ်ချက်ကို ဖြည့်နိုင်ဖို့က တော်တော်လေး အကျပ်ရိုက်နေရတဲ့ အခြေအနေပါ” လို့ ကူညီပေးနေသူ က ပြောပါတယ်။

စစ်တပ်ဟာ လက်ရှိမှာ မြိုင်မြို့တောင်ဘက် ၄ မိုင်အကွာရှိ အမှတ် (၃) တပ်မတော် အကြီးစားစက်ရုံ (တစခ – ၃) ကို ပခုက္ကူ အခြေစိုက် တပ်မ (၁၀၁) မှ ရဟတ်ယာဉ်တွေ၊ Y-8 ထောက်ပို့ လေယာဉ်တွေနဲ့ စစ်လက်နက်နဲ့ ရိက္ခာတွေ ပုံမှန် ဖြည့်တင်းလျက် ရှိတယ်လို့ သူက ပြောပါတယ်။

“အခုက မြိုင်နယ် အနောက်တောင်ပိုင်းရော၊ တောင်ပိုင်းတွေရော စစ်ရှောင် နေရတဲ့ အခြေအနေပါ။ အစိုးရ စစ်ကြောင်းတွေက အချိန်မရွေး ဝင်ရောက်လာနိုင်ခြေ ရှိနေတာကိုး။ မြိုင်နယ်ထဲကရော၊ အဲဒီအနီးအနားမှာ ရှိတဲ့ ဒေသခံတွေရော အိုးအိမ်စွန့်ခွာနေရတာ” လို့ သူက ပြောပါတယ်။

PDF တွေကတော့ မြိုင်မြို့ရဲ့ အနောက်ဘက် ၁၃ မိုင် ၀န်းကျင်အကွာက ပြည်သူ့စစ် အားကောင်းတဲ့ သရက်ကန်ကျေးရွာကို မေလ ၂၃ ရက်နေ့က သိမ်းပိုက်ခဲ့ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *