ဇွန် ၁ – ၂၀၂၆
မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ပထမဆုံးအကြိမ် သွားရောက်တဲ့ ပြည်ပခရီးစဉ် အတွင်းမှာ မင်းအောင်လှိုင်ဟာ တနင်္လာနေ့က နယူး ဒေလီမြို့မှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနဲ့ တွေ့ဆုံခဲ့ပြီး ခေါင်းဆောင် နှစ်ဦးဟာ အရေးကြီး တွင်းထွက်ပစ္စည်းတွေနဲ့ မြေရှားသတ္တု ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ nikkei asia မှာ သတင်း ဖေါ်ပြထား ပါတယ်။
မင်းအောင်လှိုင်ဟာ ငါးရက်ကြာ တရားဝင် အလုပ်သဘော ခရီးစဉ်အဖြစ် စနေနေ့ ကတည်းက အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုအတွင်း မိုဒီက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေး အတွက် အိန္ဒိယရဲ့ ထောက်ခံမှုကို ထပ်လောင်း အတည်ပြုခဲ့တယ်လို့ ဆွေးနွေးပွဲအပြီးမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Vikram Misri က သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ သမ္မတကလည်း မြန်မာ့မြေပြင်ကို အိန္ဒိယရဲ့ လုံခြုံရေး အကျိုးစီးပွားကို ထိခိုက်မယ့် နေရာအဖြစ် အသုံးချခွင့်ပေးမှာ မဟုတ်ဘူး ဆိုတဲ့ ကတိကဝတ်ကို ထပ်ခါတလဲလဲ အာမခံခဲ့တယ်လို့ သူက ဆိုပါတယ်။
နေအိမ်အကျယ်ချုပ် ကျခံနေရတယ်လို့ ယူဆရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် အရေးနဲ့ ဒီမိုကရေစီ အရေးတွေကို ဆွေးနွေးခဲ့ကြ သလားလို့ မေးမြန်းရာမှာတော့ ဝန်ကြီးချုပ် မိုဒီက ဒီအကြောင်းအရာတွေကို မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေ တွေနဲ့ ချိတ်ဆက်ပြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ Misri က ပြောပါတယ်။
“ဒီဆွေးနွေးမှုဟာ မြန်မာနိုင်ငံမှာ အတော်ကြာအောင် လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းအားလုံးကို စင်မြင့်တခုတည်းပေါ် ခေါ်ဆောင်လာဖို့နဲ့ စည်းလုံးတဲ့ မြန်မာနိုင်ငံတော် အတွင်းမှာ ရှေ့ဆက်မယ့် လမ်းစဉ်ကို ရှာဖွေဖို့ဆိုတဲ့ အခြေအနေတွေ အပေါ် အဓိကထား ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်သလို အားလုံး ပါဝင်နိုင်ဖို့လည်း လိုအပ်ကြောင်း၊ သက်ဆိုင်သူအားလုံး ဆွေးနွေးပွဲဝိုင်းမှာ ရှိနေဖို့နဲ့ ဒီလုပ်ငန်းစဉ်မှာ အချိန်အတော်ကြာ ပါဝင်ခဲ့ကြသူတွေရဲ့ အမြင်တွေကို ဆန်းစစ်ဖို့ လိုအပ်တယ် ဆိုတာကို နယူးဒေလီ ဘက်က အလေးအနက် ပြောကြားခဲ့တယ်လို့ Misri က ရှင်းပြပါတယ်။
နိုင်ငံခြားရေး အတွင်းဝန်က ဆက်ပြောရာမှာ အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံနေတာဟာ အဲဒီနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး အစီအမံတွေ အပေါ် မှတ်ချက်ပေးဖို့ ရည်ရွယ်တာမဟုတ်ဘူးလို့ ဆိုပါတယ်။
“အဆက်အသွယ်ဖြတ်တောက်ထားတာဟာ ထိတွေ့ဆက်ဆံတာထက် ပိုကောင်းတဲ့ရလဒ်မျိုး မပေးနိုင်သလို ဒီမိုကရေစီနည်းကျ ပြောင်းလဲမှုကို လည်း လုံးဝ ဖြစ်မလာစေဘူး ဆိုတာ သမိုင်းက သက်သေပြခဲ့ပြီးသားပါ” လို့ သူက ပြောပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆက်ဆံမှု၊ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ နယ်စပ်စီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးတိုးတက်မှု အကူအညီတွေ၊ ယဉ်ကျေးမှုဖလှယ်ရေးနဲ့ ဒေသတွင်း အခြေအနေတွေ အပါအဝင် နှစ်နိုင်ငံအကြား ရှိသမျှကိစ္စရပ်အားလုံးကို အသေးစိတ် ကျကျနန ဆွေးနွေးခဲ့ကြတယ်လို့ Misri က ဆိုပါတယ်။
အရေးကြီးတွင်းထွက်ပစ္စည်းတွေနဲ့ မြေရှားသတ္တုတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ် တွေလည်း သူတို့ရဲ့ တွေ့ဆုံမှုအတွင်း ထွက်ပေါ်လာခဲ့ပါတယ်။
“ဒီကိစ္စက နှစ်နိုင်ငံကြားမှာ ဆွေးနွေးနေတာ အတော်ကြာပြီဖြစ်သလို ဒီနေ့မှာလည်း ထပ်မံဆွေးနွေးခဲ့ကြတာပါ၊ အစိုးရနှစ်ရပ်နဲ့ နှစ်နိုင်ငံက အဖွဲ့အစည်းတွေ အနေနဲ့ ဒီကိစ္စရပ်တွေအပေါ် ဆက်လက် ထိတွေ့သွားပြီး ပူးပေါင်း ဆောင်ရွက်မှုတွေကို ရှေ့ဆက်လုပ်ဆောင်သွားဖို့ နားလည်မှု ရရှိခဲ့ကြပါတယ်” လို့ Misri က ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ သင်တန်း ပေးတာ၊ စွမ်းဆောင်ရည်မြှင့်တင်တာနဲ့ အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်မှုတွေ အပေါ် အဓိကထားတယ်လို့ သူက မှတ်ချက်ပြုပါတယ်။
“ကျွန်တော်တို့အနေနဲ့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေ အတွက် သင်တန်းတွေ ပေးနေတာ ရှိပါတယ်” လို့ သူက ဆိုပါတယ်။
နှစ်နိုင်ငံဟာ ကီလိုမီတာ ၁၆၀၀ ကျော် ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် အဲဒီနယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အရေးကြီးတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားတွေ ရှိနေပြီး၊ ဒါတွေကိုလည်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ အစိတ်အပိုင်း တခုအနေနဲ့ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ Misri က ပြောကြားသွားခဲ့ပါတယ်။
ref: nikkei asia
—————————
THN Public Media
