Uncategorized

ရေအောက် ဒရုန်းနည်းတီထွင်ဖို့ Aukus စစ်မဟာမိတ်အဖွဲ့ သဘောတူ

မေလ ၃၁ – ၂၀၂၆

အမေရိကန်၊ ယူကေနဲ့ သြစတြေးလျ ၃ နိုင်ငံ စစ်မဟာမိတ် အဖွဲ့ Aukus ကနေ ရေအောက် ကေဘယ်ကြိုးတွေကို ကာကွယ်ဖို့နဲ့ ကာကွယ်ရေး ကဏ္ဍ မြှင့်တင်ဖို့ အတွက် ရေအောက် ဒရုန်းနည်းပညာကို ပူးပေါင်း တီထွင် သွားမယ်လို့ ပြောပါတယ်။

လူမပါတဲ့ ရေအောက်သွားယာဉ် UUV နည်းပညာဟာ လာမယ့်နှစ်မှာ အဆင်သင့် ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပြီး၊ စီမံကိန်းရဲ့ ကုန်ကျ စရိတ် အပြည့်အစုံကို ထုတ်မပြောပေမဲ့ ယူကေ ကာကွယ်ရေးဝန်ကြီး John Healey က သူ့နိုင်ငံအနေနဲ့ ဒေါ်လာ ၂၀၁ သန်း ထည့်ဝင်သွားမယ်လို့ ပြောပါတယ်။

Aukus ရဲ့ စီမံကိန်း တွေ တိုးတက်မှု နှောင့်နှေး နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ် နေချိန်မှာပဲ စင်ကာပူမှာကျင်းပတဲ့ လုံခြုံရေး ထိပ်သီး အစည်းအဝေး မှာ ၃ နိုင်ငံက ကာကွယ်ရေး ဝန်ကြီးတွေ ဒီလို ကြေညာ လိုက်တာ ဖြစ်ပါတယ်။

ဒီဝေဖန်မှုတွေကို ဝန်ကြီး Healey က လက်ခံခဲ့ပြီး ” Aukus အဖွဲ့မှာ ကျွန်တော်တို့ စကားတွေပဲ အကြာကြီး ပြောနေခဲ့ပြီး လက်တွေ့ ဖော်ဆောင် နိုင်တာ သိပ်မရှိခဲ့ပါဘူး၊ အခုတော့ ကျွန်တော်တို့ အစိုးရ ၃ ရပ် အောက်မှာ အဲဒီ အခြေအနေ ပြောင်းလဲသွားပါပြီ” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ စတင်ခဲ့တဲ့ Aukus စစ်စာချုပ်ဟာ နျူကလီးယား ရေငုပ် သင်္ဘောတွေ ပူးပေါင်း ထုတ်လုပ်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို မျှဝေကြဖို့ ၃ နိုင်ငံ အကြား အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

ဒါဟာ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ ရေကြောင်း အင်အား ပိုမို ကြီးထွား လာတာနဲ့ တောင်တရုတ် ပင်လယ်မှာ နယ်နိမိတ် အငြင်းပွားဖွယ် မြင့်တက်လာအောင် လုပ်ဆောင်နေတဲ့ တရုတ်ရဲ့ အခန်းကဏ္ဍကို တားဆီးဖို့ နည်းလမ်းတခု အဖြစ် အများက ရှုမြင်ကြပါတယ်။

ဒီရေအောက်ဒရုန်း နည်းပညာဟာ Aukus ရဲ့ ဒုတိယမဏ္ဍိုင် အောက်က ပထမဆုံး အဓိက စီမံကိန်းဖြစ်ပြီး၊ ဒီမဏ္ဍိုင်မှာ အဖွဲ့ဝင် နိုင်ငံတွေဟာ တာဝေးပစ် အသံထက်မြန်တဲ့ မစ်ဆိုင်းတွေ၊ ရေအောက် စက်ရုပ် နည်းပညာနဲ့ ဉာဏ်ရည်တု နည်းပညာ (AI) စတဲ့ အဆင့်မြင့် ကဏ္ဍတွေမှာ အတူတူ ပူးပေါင်း လုပ်ဆောင်ကြတာပါ။

ဒီစီမံကိန်း အသစ်ဟာ ပင်လယ်ရေအောက်က အခြေခံ အဆောက်အအုံ တွေကို ကာကွယ်တာ၊ တိုက်ခိုက်မှုတွေ ပြုလုပ်တာ၊ ထောက်လှမ်းတာ၊ ကင်းထောက်တာနဲ့ ထောက်ပို့ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မယ့် ရေအောက် ဒရုန်းတွေ အတွက် တီထွင် သွားမှာဖြစ်တယ်လို့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ယူကေနိုင်ငံ မြောက်ဘက် ပင်လယ်ပြင်တွေက ကေဘယ်ကြိုးတွေနဲ့ ပိုက်လိုင်းတွေ အပေါ် ရုရှားက လျှို့ဝှက် စစ်ဆင်ရေးတွေ လုပ်နေတယ်လို့ ဝန်ကြီး Healey က စွပ်စွဲခဲ့ပြီး တလ အကြာမှာ အခုလို ကြေညာချက် ထွက်လာတာ ဖြစ်ပေမဲ့ မော်စကို ဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *