လာမယ့် ဒီဇင်ဘာလ ၂၈ ရက် မှာ စတင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ အသနားခံစာ တင်ထားတယ်လို့ ပြည်သူ့ရှေ့ဆောင် ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁ ရက် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်း လမ်းရှိ Sky Star Hotel မှာ ပြုလုပ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ရွေးကောက်ပွဲ ကြေညာစာတမ်း မိတ်ဆက်ခြင်း အခမ်းအနားမှာ ဒေါ်သက်သက်ခိုင်က မီဒီယာတွေကို အသိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၄၄ ယောက်မှာ ကျွန်မပါ ပါရင်တော့ ၁၄၅ ယောက်ပေါ့။ ပါမယ်၊ မပါမယ် ကတော့ ကျွန်မ အသနားခံစာ တင်ထားတဲ့ အတွက် သက်ဆိုင်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မ စောင့်နေပါတယ်” လို့ သူက ပြောပါတယ်။
UEC အနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ သက်သေခံကတ်ပြား ထုတ်ပေးခဲ့တာဖြစ်ကာ အောက်တိုဘာ ၂၁ ရက်၊ ညပိုင်းမှာတော့ ဒေါ်သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်ဖျက်လိုက်တယ် ဆိုပြီး အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် အောက်တိုဘာ ၂၄ ရက်နေ့မှာ ဒေါ်သက်သက်ခိုင်က UEC ကို အသနားခံစာ တင်ခဲ့သလို ကမ္ဘောဇဘဏ်ကိုလည်း အောက်တိုဘာ ၃၀ ရက်နေ့မှာ အကြွေး ကျပ်သိန်း ငါးသောင်းကို ပေးဆပ်ထားပြီး ဖြစ်တယ် လို့ ဆိုပါတယ်။
“ကမ္ဘောဇဘဏ်ကို ငွေသွင်းပြီးတာနဲ့တပြိုင်နက် တခါတည်း UEC ကို စာတင်ထားပါတယ်။ စာနှစ်စောင် တင်ထားပါတယ်။ ဒီကနေ့အထိတော့ UEC က ကျွန်မကို အကြောင်းမပြန်သေးဘူး” လို့ သူက ပြောပါတယ်။
ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှာ အမည်စာရင်း တင်သွင်းထားတဲ့ PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ဟာ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနေတာကြောင့် ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်ဖျက်ထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက သတင်း ထုတ်ပြန် ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ ပြည်သူ့ရှေ့ဆောင်ပါတီ အနေနဲ့ ပြည်သူ့လွှတ်တော်မှာ ၁၉၃ ယောက်၊ အမျိုးသားလွှတ်တော်မှာ ၁၄၄ ယောက် ကိုယ်စားလှယ်လောင်း အဖြစ် UEC ရဲ့ အသိအမှတ်ပြုခြင်းကို ခံရပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။
Crd – VOM
