ပြည်တွင်း

ရွှေပြည်သာမှာ သံလမ်း ခေါင်းအုံးအိပ်တဲ့ သားအဖနှစ်ယောက် ရထားတိုက်ခံရပြီး အဖေဖြစ်သူ သေဆုံး

နိုဝင်ဘာ ၇ – ၂၀၂၅

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာဘူတာနဲ့ စက်မှုဇုန် ဘူတာကြားမှာ ဒီကနေ့ နိုဝင်ဘာ ၇ ရက်၊ မနက်အစောပိုင်းက သံလမ်းကို ခေါင်းအုံးပြီး အိပ်ပျော်နေတဲ့ သားအဖနှစ်ယောက် ရထားတိုက်ခံရတာမှာ အဖေဖြစ်သူ သေဆုံးခဲ့တယ်လို့ ရွှေမေတ္တာ လူမှုကူညီရေး ဥက္ကဋ္ဌ မရွှေလဲ့က ပြောပါတယ်။

အဲဒီ ဖြစ်စဉ်ဟာ ရွှေပြည်သာဘူတာနဲ့ စက်မှုဇုန်ဘူတာ ရထားလမ်း မိုင်တိုင် ၂၁ နဲ့ ၂၂ ကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဖေဖြစ်သူကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပေမယ့် သားဖြစ်သူကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ မရွှေလဲ့က ပြောပါတယ်။

“သူတို့က အဲဒီ ရထားသံလမ်းနားမှာပဲ နေတဲ့သူတွေပေါ့။ အိမ်ခြေယာမဲ့တွေ လို့လည်း သိရတယ်။ သံလမ်းကို ခေါင်းအုံးပြီးတော့ အိပ်နေတာ။ မနက်ပိုင်း ဝေလီဝေလင်းအချိန်မှာ ရထားကြိတ်ခံရတာပေါ့။ ကလေးကတော့ ကျွန်မတို့ အသက်ရှင်လျက် ကယ်ဆယ်လိုက်နိုင်ပါတယ်။ သူက ဦးခေါင်း ထိခိုက်ဒဏ်ရာ ရတယ်” လို့ မရွှေလဲ့က ပြောပါတယ်။

လက်ရှိမှာ သေဆုံးသူ ရုပ်လောင်း နဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ကလေးငယ် ကို လူမှုကူညီရေးအသင်းယာဉ်နဲ့ အင်းစိန်ဆေးရုံကြီးကို ကူညီ ပို့ဆောင် ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

“အခုဖြစ်တဲ့ နေရာကလည်း နည်းနည်းမှောင်နေတယ်။ ဘူတာ တခုနဲ့ တခုကြား၊ ရထားသံလမ်း နေရာကတော့ မနေသင့်တဲ့နေရာပေါ့။ အဲဒီမှာ အိပ်ပျော်နေတာဆိုတော့ ရုတ်တရက် အသံမကြားလိုက်မိတဲ့ အခါကျတော့ အရမ်း အန္တရာယ်များပါတယ်” လို့ သူက ပြောပါတယ်။

ဒါအပြင် မနေ့ နိုဝင်ဘာ ၆ ရက်၊ မနက် ၅ နာရီ ၇ မိနစ်ဝန်းကျင်ကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် (တောင်) ရပ်ကွက်ရှိ ဦးပွား ခုံးကျော်တံတားအနီး၊ မီးရထားသံ လမ်းပေါ်မှာ ကိုရင်တပါး ရထားအတိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ရထားသံလမ်းပေါ် အိပ်နေတဲ့ အမျိုးသားနှစ်ယောက် ရထားကြိတ်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီလိုပဲ မေလ ၃၀ ရက်နေ့ကလည်း သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာနဲ့ ဇရစ်ချောင်ကျေးရွာကြား ရန်ကုန် – မော်လမြိုင် ရထားလမ်းမှာ အမျိုးသားတယောက် ရထားကြိတ်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဟံသာဝတီဘူတာမှာ အမျိုးသမီး တယောက် ရထားကြိတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

Photo – Shwe Lei

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *