ပြည်တွင်း

ရွှေအသင်းဥက္ကဋ္ဌ ဖမ်းဆီးခံရပြီးနောက် ရွှေအရောင်းဝယ်ရပ်လုနီးပါးဖြစ်

ဖေဖော်ဝါရီ ၆ – ၂၀၂၆

ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ အပါအဝင် ရွှေလုပ်ငန်းရှင် သုံးယောက် ဖမ်းဆီးခံရပြီးနောက် ရွှေအရောင်းဝယ်အားလုံး ရက်အကန့်အသတ် မရှိ ပိတ်ထားတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။

“အရောင်းဝယ်တွေ အားလုံးကတော့ ရပ်ထားကြတယ်။ ဘာဆက်ဖြစ်မလဲ ဆိုတာ အားလုံးက စောင့်ကြည့်နေကြတဲ့ သဘောပေါ့။ သိန်း ၁၀၀ အောက် ကျမှ ဈေးပြန်ဖွင့်လာနိုင်တယ်။ ရွှေလုပ်ငန်းတွေ တချို့ကတော့ ရွှေဈေး သိန်း ၁၀၀ ဖြစ်သွား ကတည်းက ရှောင်နေကြတာ။ တချို့ ခေါ်ယူ စစ်ဆေးခံနေရတယ် ကြားပေမယ့်လည်း YGEA က လူတွေလို့တော့ မကြားမိဘူး။ အခု အဖမ်းခံရမှသာ သိတာ” လို့ ရွှေကုန်သည် တယောက် က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ မနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။

အခုလို အရေးယူမှုတွေနဲ့ ပတ်သက်လို့ ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူ တယောက်က “ရွှေဈေးကျအောင် လုပ်ငန်းရှင်တွေကို ဖမ်းတာက လွဲတာတော့ အကြီးကြီးလွဲချက်ပဲ။ အဲဒီလို အကြံပေးတဲ့ ပညာရှင်မျိုးနဲ့သာ ဆက်သွားရင် ရွှေဈေးကွက်က ပိုတောင် ဆက်ပြီး ကမောက်ကမ ဖြစ်နေဦးမယ်” လို့ ပြောပါတယ်။

ဒါအပြင် စီးပွားရေး ပညာရှင်တယောက်ကလည်း လက်ရှိ မြန်မာ့ရွှေစျေး မြင့်တက်နေတာဟာ ကမ္ဘာ့ရွှေစျေး မြင့်တက်နေတာကြောင့် ဖြစ်တဲ့ အတွက် ကမ္ဘာ့ရွှေစျေးကို ရွှေလုပ်ငန်းရှင် အသင်းက ထိန်းချုပ်လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာ့ရွှေစျေး ကျစေချင်တယ်ဆိုပါက အဓိကအနေနဲ့ နိုင်ငံတော်က မြန်မာကျပ်ငွေ တန်ဖိုး ခိုင်မာအောင် ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ရမှာဖြစ်ပြီး ဒါကို မထိန်းချုပ်နိုင်ဘဲ အခုလို ဖမ်းဆီး အရေးယူမှု တွေ လုပ်ဆောင်နေသရွေ့ မြန်မာ့ရွှေစျေးကွက် လုံးဝ ပျက်စီးသွားနိုင်တယ် လို့ သူက ပြောပါတယ်။

“ဆိုရှယ်လစ်ပါတီ ခေတ်ကတောင် မြန်မာငွေ ၆ ကျပ်ကို တဒေါ်လာပဲ ရှိတယ်။ အစိုးရ သတ်မှတ်စျေးက ၃ ကျပ်ပဲရှိတယ်။ ရွှေစျေး အတက် အကျ သည် ကမ္ဘာစျေးကွက်နဲ့ပဲ ဆိုင်တယ်။ ငွေစျေးသာ ထိန်းချုပ် လို့ ရကောင်းရမယ်။ ရွှေစျေးကတော့ ဘယ်နိုင်ငံမှ ထိန်းချုပ်မရနိုင်ဘူး” လို့ သူက ပြောပါတယ်။

ဒါအပြင် လက်ရှိမှာ အစိုးရက ရွှေဆိုင်တွေ၊ ပုဂ္ဂလိက ဆေးရုံတွေ အပါအဝင် တခြားသော ပုဂ္ဂလိက လုပ်ငန်းတွေ အားလုံးကို အခွန် သိန်း သောင်းနဲ့ချီ ဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

“ဆေးရုံတွေဆိုရင် အခွန် သိန်း နှစ်သောင်း ဆောင်ခိုင်းတယ်။ ပုဂ္ဂလိက လုပ်ငန်းတွေ အကုန်လုံးပါတယ်။ အနည်းဆုံး သိန်း တသောင်းကနေ စပြီး လေးသောင်း၊ ငါးသောင်း၊ ခြောက်သောင်း ဝန်းကျင်အထိ အခွန်ဆောင် ခိုင်းတယ်” လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ရွှေဆိုင်တွေဆိုပါကလည်း တချို့သော ဆိုင်တွေက သက်တမ်းနုတဲ့ ဆိုင်တွေ ဖြစ်ပေမယ့် သက်တမ်းရင့် ဆိုင်ကြီးတွေနဲ့ တပြေးညီ အခွန်ဆောင် ခိုင်းတာတွေ ရှိနေတဲ့အတွက် မျှတမှုမရှိ ဖြစ်နေပြီး လုပ်ငန်းရှင်တွေ အနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *