ဇွန် ၇ – ၂၀၂၆
ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံ၊ လွိုင်လင်၊ တောင်ကြီး၊ ရွှေညောင် စတဲ့ မြို့နယ်တချို့မှာ အခုရက်ပိုင်း အတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေညောင်မြို့မှာ မနေ့ ဇွန် ၆ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်က စပြီး မိုးသည်းထန်ခဲ့တာကြောင့် မြို့ထဲ ဖြတ်စီးနေတဲ့ တာယောချောင်း ရေလျှံလာတဲ့ကြောင့် ချောင်းအောက်ခြေ တောင်လေးလုံး ကျေးရွာမှာ ရေကြီးရေလျှံ နေတယ်လို့ သိရပါတယ်။
“မိုးရွာနေတာ ငါးရက်လောက်ရှိပြီ။ မနေ့ကလည်း တနေကုန်ကို သည်းသည်း ထန်ထန် ရွာတာ။ ညနေပိုင်းလည်းကျရော ရေတွေဝင်လာတယ်။ ရွှေညောင်မြို့ မြောက်ဘက်က ကျီးဖြူကန်ရော၊ တာယောချောင်းရော ရေလျှံသွားတာကိုး။ နိမ့်တဲ့နေရာတွေအကုန် ရေဝင်ကုန်တာ။ ရေစီးကလည်း သန်တယ်။ အိမ်မှာမွေးထားတဲ့ ဝက်တွေတောင် ရေထဲ မျောပါကုန်တာ။ ဒီမနက်တော့ ရေကျ သွားပေမယ့် မိုးရိပ်တွေ ရှိနေသေးတယ်။ ဒီ ရွှေညောင်မှာက ရှေ့နှစ်တွေတုန်းကလည်း ရေကြီးတာတွေ ဖြစ်ခဲ့ပြီးပြီ။ ဒီနှစ်လည်း မိုးရာသီ အစပဲ ရှိသေးတယ်၊ အကြီးအကျယ်ရေမြုပ်မယ့် လက္ခဏာတွေ မြင်နေရပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။
မိုးရွာသွန်းမှုကြောင့် တောင်ကြီး – မိတ္ထီလာသွားတဲ့ ပြည်ထောင်စုလမ်းမကြီးဘေးရှိ Denko စက်သုံးဆီဆိုင်ရဲ့ မြောက်ဘက်မှာ ကာရံထားတဲ့ အမြင့် ၆ ပေခန့်၊ အရှည် ပေ ၆၀ ခန့်ရှိ အုတ်တံတိုင်းလည်း ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
လွိုင်လင်မြို့မှာလည်း မနေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ် (၃) နဲ့ (၄) ရပ်ကွက်တွေ အတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သလို ဖယ်ခုံနဲ့ တောင်ကြီးမြို့မှာလည်း ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ရေကြီးမှုကြောင့် ပန်းစိုက်ခင်းတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ဖယ်ခုံ ရေကြီးတာက အင်းတဝိုက်က နေရာတွေ အဆိုးဆုံးပဲ။ အင်းဘေးက ရပ်ကွက် ငါးရပ်ကွက် လောက် ရေဝင်နေတာ။ မိုးရွာနေတာကတော့ ကြာပြီ။ အခုထိလည်း မတိတ်သေးဘူး။ မိုးကောင်းရင်ကောင်းသလို ရေတွေ လျှံတက်လာတာ။ ရေဝင်နေတာ ငါးရက်၊ ခြောက်ရက် လောက်တော့ ရှိနေပြီ။ ရေအမြင့်က တချို့နေရာတွေဆို ဒူးခေါင်းလောက်အထိ ရှိတယ်။ ကားလမ်းတွေလည်း ရေကျော်နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အခု ဇွန်လဆန်းပိုင်းအတွင်း နေရာကွက်ပြီး မိုးကြီးမှုကြောင့် ရန်ကုန်မြို့မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာမှာ စမ်းချောင်း၊ လှိုင်၊ ကြည့်မြင်တိုင်နဲ့ အလုံမြို့နယ်တွေက ရပ်ကွက်၊ လမ်း၊ နေအိမ်တွေထဲ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့သလို ကမာရွတ်မြို့နယ်မှာလည်း ဘုရင့်နောင်ကွန်ဒို ကားပါကင်မှာ ရေ ၁၁ လက်မခန့် အထိ မြင့်တက်၊ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Photo: CJ
Crd – VOM
—————————
THN Public Media
