ဇွန် ၉ – ၂၀၂၆
လူသားတွေ လကမ္ဘာဆီ ပြန်လည်သွားရောက်မယ့် နောက်ထပ်ခြေလှမ်းတခုဖြစ်တဲ့ ၂၀၂၇ ခုနှစ် အာတဲမစ် ၃ Artemis III ခရီးစဉ်မှာ ပါဝင်ကြမယ့် အာကာသယာဉ်မှူး ၄ ဦးရဲ့ အမည် စာရင်းကို အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ ‘’နာဆာ Nasa’’ ကနေ ဒီကနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
အာကာသယာဉ်မှူးတွေ ကတော့ အာကာသမစ်ရှင် ကျွမ်းကျင်သူ နှစ်ဦးဖြစ်တဲ့ Andre Douglas နဲ့ Frank Rubio တို့ဖြစ်ကြပြီး ကပ္ပတိန်က Luca Parmitano ဖြစ်ကာ နဲ့ ကွပ်ကဲရေးမှူး ကတော့ Randy Bresnik တို့ ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက လကမ္ဘာကို သွားပတ်ခဲ့တဲ့ အာကာသယာဉ်မှူးတွေ ကတော့ ဒီတခေါက်မှာ ပါဝင်ခြင်း မရှိပါ။
အခု အဖွဲ့ဟာ လာမယ့်နှစ်မှာ ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီ အာကာသစခန်းကနေ လွှတ်တင်မယ့် Orion အာကာသယာဉ်နဲ့ အတူ ကမ္ဘာ့ပတ်လမ်းကြောင်းထဲကို ပျံသန်းသွားကြမှာ ဖြစ်ပါတယ်။
သူတို့ရဲ့ ပျံသန်းမှုအတွင်း အာကာသယာဉ်မှူးတွေဟာ အိုရိုင်ယွန် အာကာသယာဉ်နဲ့ စီးပွားရေး လုပ်ငန်းသုံး အာကာသယာဉ်တွေကြား အာကာသထဲမှာ အနီးကပ် ချဉ်းကပ်တာနဲ့ ချိတ်ဆက်တာ ဆိုင်ရာ စွမ်းဆောင်ရည်တွေကို စမ်းသပ်သွားကြမှာပါ။
အခုလို လုပ်ဆောင်မှုတွေဟာ နောက်ပိုင်း မစ်ရှင်တွေ လကမ္ဘာပေါ် ဆင်းသက်နိုင်ဖို့ အတွက် မဖြစ်မနေ လိုအပ်တဲ့ အချက်တွေ ဖြစ်ပါတယ်။
အာတီမစ် ၃ ဟာ “အနာဂတ်ရဲ့ အစပျိုးခြင်း” ကို ဖော်ပြလိုက်တာပဲလို့ နာဆာ အုပ်ချုပ်ရေးမှူး Jared Isaacman က ပြောပါတယ်။
ဒီဆယ်စုနှစ် နှောင်းပိုင်းမှာ အာကာသယာဉ်မှူးတွေကို လကမ္ဘာပေါ် ပို့ဆောင်ပေးဖို့ သတ်မှတ်ထားတဲ့ Blue Origin လူမပါတဲ့ အာကာသယာဉ် တစင်းဟာ ပြီးခဲ့တဲ့လက စမ်းသပ်မှု အတွင်း ပေါက်ကွဲ သွားခဲ့ပြီး နောက်မှာတော့ မေးခွန်း ထုတ်စရာတွေ ထွက်ပေါ်လာခဲ့ပါတယ်။
—————————
THN Public Media
