နိုင်ငံရေး

လောင်းလုံးမြို့နယ်မှာ ကျောင်းသားမိဘတွေ မြို့ပေါ် ပြောင်းရွှေ့ဖို့ အဆင်မပြေကြောင်းပြော

ဇွန် ၈ – ၂၀၂၆

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အတွင်း မြို့ပေါ် ကျောင်းတွေမှာ ကျောင်းထားတဲ့ ကျောင်းသားမိဘတွေ အနေနဲ့ လုံခြုံရေးအရ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ကြဖို့ လောင်းလုံး PDF က မေတ္တာရပ်ခံထားပါတယ်။

အခုလို ကျောင်းသားမိဘတွေကို မြို့ပေါ် ပြောင်းရွှေ့ နေထိုင်ဖို့ ကိစ္စဟာ ကလေးမိဘတွေ အတွက် နေရေးထိုင်ရေးက အစ အဆင်မပြေဘူးလို့ ဒေသခံတွေက ပြောပါတယ်။

” ရွာကလူတွေက ဘယ်လိုလုပ်မြို့ပေါ်ပြောင်းလို့ အဆင်ပြေမလဲ ။ အလုပ်အကိုင်က ရွာမှာ လယ်လုပ် ယာလုပ်ကြတာလေ။ မြို့ပေါ်ပြောင်းတော့ နေစရာထိုင်စရာ ဘယ်သူက တာဝန်ယူပေးမှာလဲ။ စားစရိတ်က ရှိသေး။ ကလေးကျောင်းစရိတ်နဲ့ အကုန်ဒုက္ခရောက်မှာပေါ့။ မြို့ပေါ်နေတာ လွယ်တဲ့ ကိစ္စမှတ်လို့ အရင်ဆုံး အိမ်ငှားခ ကုန်မယ်။ အလုပ်အကိုင်က မရှိနဲ့ သူတို့ပြောသလောက် လွယ်ကူ မနေပါဘူး။ ဘယ်လိုဆက်ဖြစ် မလဲတော့ မသိတော့ဘူး။ မြို့ပေါ်ပြောင်းဖို့ ကတော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော့ တူလေးက မြို့ပေါ်ကျောင်းတက်နေတာပါ။” လို့ ဒေသခံက ပြောပါတယ် ။

လောင်းလုံး PDF ထုတ်ပြန်ချက်မှာတော့ ကျောင်းကား နဲ့ အတူ စစ်တပ်က လူတွေ လိုက်ပါလာနိုင်တဲ့ အတွက် နှစ်ဘက်ထိတွေ့ တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားလာနိုင်ပြီး ကျောင်းသားကျောင်းသူတွေ ထိခိုက် လာနိုင်တာကြောင့် ခုလို တားမြစ်ရတာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက် ညနေပိုင်းက ထားဝယ်မြို့နဲ့ လောင်းလုံးမြို့ အကြား တနေရာမှာ ကျောင်းကြိုပြီး ပြန်လာ ကားအစီး ၂၀ လောက်ကို တားဆီးပြီး PDF တွေက ကျောင်းအကြိုအပို့ ဆက်မလုပ်ဖို့ တားဆီး ကာ လက်မှတ် ထိုးခိုင်းတဲ့ ဖြစ်စဥ်ရှိခဲ့တယ်လို့ သိရပါတယ်။

” ရွာဘက်တွေမှာ ကျောင်းမဖွင့်နိုင်လို့ မြို့ပေါ်ကို ကျောင်းကြိုပို့ကားနဲ့ တကူးတက အကုန်ခံပြီး ထားကြရတာပါ။ အဲဒါကို ကျောင်းအပ်တဲ့မိဘတွေ မြို့ပေါ်ပြောင်းနေရမယ်ဆိုတာ ကတော့ မဖြစ်သင့်ပါဘူး။ မြို့ပေါ်ပြောင်းနေဖို့က မဖြစ်နိုင်ပါဘူး။ အိမ် အလုပ် အကုန်ပစ်ထားခဲ့ပြီး ပြောင်းရ မှာလေ။ အရင်ရက်ကလည်း ကျောင်းကြိုပို့ ကားတွေကို တားပြီး ကြိုပို့ မလုပ်ဖို့ တားတယ်။ ခံဝန်လက်မှတ် ထိုးခိုင်းတယ်ကြားတယ်။ ဒါတွေ မဖြစ်သင့်ဘူး ။ ” လို့ ဒေသခံနောက် တယောက်က ပြောပါတယ်။

လက်ရှိ လောင်းလုံးမြို့နယ်ထဲက ကျေးရွာဘက်တွေမှာ နယ်မြေ မတည်ငြိမ်ဘဲ စစ်ရေးတင်းမာ နေတာကြောင့် ကျေးရွာက စာသင်ကျောင်းအများစု ပိတ်ထားရတဲ့ အခြေအနေရှိတဲ့ အတွက် မြို့ပေါ် ကျောင်းကို ထားရတာ ဖြစ်တယ်လို့ သိရပါတယ်။

crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *