အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က BBC ကနေ သူ့မိန့်ခွန်း အပေါ် တည်းဖြတ်မှု အတွက် နစ်နာကြေး ဒေါ်လာ ၁ ဘီလီယံ ပေးဖို့ တရားစွဲ မယ်လို့ ခြိမ်းခြောက် လိုက်ပါတယ်။
အခုလို ခြိမ်းခြောက်တဲ့ စာကို သမ္မတ ထရမ့် ဥပဒေရေးရာ အဖွဲ့က BBC ကို ပေးပို့ခဲ့ကြောင်း အမေရိကန် မီဒီယာတွေက ဖေါ်ပြထားပါတယ်။
BBC မှတ်တမ်းသတင်း တခုမှာ သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ မိန့်ခွန်းကို တည်းဖြတ်ခဲ့တဲ့ပုံစံဟာ “ချင့်ချိန်ဆုံးဖြတ်မှု အမှား’’ ဖြစ်ကြောင်းနဲ့ အဲဒီ အတွက် BBC ဥက္ကဋ္ဌ Samir Shah က တောင်းပန်လိုက်ပါတယ်။
ထရမ့် ဥပဒေအဖွဲ့က ဒီ မှတ်တမ်း သတင်းနဲ့ ပတ်သက်ပြီး BBC အနေနဲ့ လုံးဝ မှားယွင်းကြောင်း ဝန်ခံကာ ပြန်လည်ရုပ်သိမ်းပေးဖို့ ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၄ ရက် ညနေ ၅ နာရီကို နောက်ဆုံးရက် သတ်မှတ်ပေးခဲ့ပါတယ်။
လိုက်နာခြင်းမရှိပါက ထရမ့်ဟာ ဥပဒေကြောင်းအရ အရေးယူမှုတွေ ဆောင်ရွက်မှာ ဖြစ်ပြီး အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံ လျော်ကြေး အတွက် တရားစွဲဆိုသွားမယ်လို့ စာထဲမှာ ခြိမ်းခြောက်ထားပါတယ်။
ဒီသတင်း တည်းဖြတ်မှု ကိစ္စနဲ့ ပတ်သက်ပြီး BBC ညွှန်ကြားရေးမှူးချုပ် Tim Davie နှင့် သတင်းဌာန စီအီးအို Deborah Turness တို့ဟာ မနေ့ တနင်္ဂနွေနေ့ ညက ရာထူးမှ နုတ်ထွက်သွားခဲ့ကြပြီ ဖြစ်ပါတယ်။
BBC Panorama အစီအစဥ် ရဲ့ တည်းဖြတ်မှု အမှားကတော့ ၂၀၂၁ သမ္မတထရမ့် ရဲ့ မိန့်ခွန်း အနောက်ဘက်က ပြောကြားချက်ကို အရှေ့ပိုင်းထည့်ပြီး ဆက်လိုက်တဲ့ အတွက် ထရမ့် ပြောကြားချက်ဟာ ကွန်ဂရက်လွှတ်တော် အဆောက်အဦးဆီ ချီတက်ပြီး ဝင်စီးဖို့ သူ့ကို ထောက်ခံသူတွေကို ပြောကြားတဲ့ ပုံမျိုး အဓိပ္ပါယ် သက်ရောက်သွားစေခဲ့တာ ဖြစ်ပါတယ်။
(“We’re going to walk down to the Capitol, + and I’ll be there with you. And we fight. We fight like hell”)
—————————
THN Public Media
