အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က BBC (ဗြိတိသျှ အသံလွှင့် ကော်ပိုရေးရှင်း) ကို သူ့မိန့်ခွန်းအကြောင်း Panorama မှတ်တမ်း ရုပ်ရှင် တည်းဖြတ်မှုနဲ့ ပတ်သက်ပြီး အသရေဖျက်မှု၊ ကုန်သွယ်မှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှုတွေနဲ့ စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံ လျော်ကြေးပေးဖို့ တရားစွဲဆို လိုက်ပြီ ဖြစ်ပါတယ်။
အသရေဖျက်မှုအတွက် ဒေါ်လာ ၅ ဘီလီယံ ကုန်သွယ်မှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှု အတွက် ဒေါ်လာ ၅ ဘီလီယံ စုစုပေါင်း နစ်နာကြေး ဒေါ်လာ ၁၀ ဘီလီယံ ကို မိုင်ယာမီရှိ ဖက်ဒရယ်တရားရုံးကို တင်သွင်း လျှောက်ထား လိုက်တာ ဖြစ်ပါတယ်။
BBC ဟာ ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် စွက်ဖက်ဖို့ ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့ မိန့်ခွန်းကို “ရည်ရွယ်ချက်ရှိရှိ၊ မကောင်းသော ရည်ရွယ်ချက်ဖြင့်၊ လိမ်လည် လှည့်ဖြားကာ တည်းဖြတ် ပြုပြင်ခဲ့သည်” လို့ ထရမ့် ဥပဒေအဖွဲ့က စွပ်စွဲထားပါတယ်။
မိန့်ခွန်း ပထမပိုင်းနဲ့ နောက်ပိုင်း မိနစ် ၅၀ ကျော်က အပိုင်း ကို ပေါင်းစပ်ပြီး တည်းဖြတ် ထားတာကြောင့်
“We’re going to walk down to the Capitol … and I’ll be there with you. And we fight. We fight like hell.” (“ကျွန်တော်တို့ ကက်ပီတယ်ကို လမ်းလျှောက်သွားမယ်… ကျွန်တော်လည်း သင်တို့နဲ့ အတူရှိနေမယ်။ ပြီးတော့ တိုက်ပွဲဝင်မယ်။ အပြင်းထန်ဆုံး တိုက်ပွဲဝင်မယ်။”) ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားစေခဲ့တာ ဖြစ်ပါတယ်။
ထရန့်က BBC ဟာ သူ မပြောခဲ့တဲ့ စကားတွေကို “AI” (ဉာဏ်ရည်တု) ကိုပင် အသုံးပြုခဲ့တာ ဖြစ်နိုင်ကြောင်း စွပ်စွဲပြောကြားခဲ့ပါတယ်။
BBC ရဲ့ “ဖန်တီးထားတဲ့ ထုတ်ပြန်ချက်တွေ” ဟာ ကမ္ဘာတဝန်းရှိ လူသန်းပေါင်းများစွာထံ ရောက်ရှိခဲ့ပြီး၊ သမ္မတထရမ့် အတွက် “ကြီးမားတဲ့ ငွေကြေးနဲ့ ဂုဏ်သတင်းဆိုင်ရာ ထိခိုက်နစ်နာမှု” ကို ခံစားခဲ့ရတယ်လို့ တရားစွဲရာမှာ ဖေါ်ပြထားပါတယ်။
BBC ဥက္ကဋ္ဌ Samir Shah က တည်းဖြတ်မှုအတွက် “အဆုံးအဖြတ်အမှား” ဆိုပြီး တောင်းပန်ခဲ့ပေမယ့် အသရေဖျက်မှု စွပ်စွဲချက်ကတော့ အခြေ အမြစ် မရှိ ကြောင်း ပြတ်သားစွာ တုန့်ပြန် ပြောကြားခဲ့ပါတယ်။
ဒီအမှုကို ခုခံသွားဖို့ ဆုံးဖြတ်ထားကြောင်း BBC ဥက္ကဋ္ဌ က BBC ဝန်ထမ်း တွေဆီ အီးမေးလ်ပေး ပို့ထားပါတယ်။
အခုလို ထရမ့်နဲ့ အငြင်းပွားဖွယ် ကိစ္စရပ်တွေ ကြောင့် BBC ညွှန်ကြားရေးမှူးချုပ် Tim Davie နဲ့ BBC News ရဲ့ CEO Deborah Turness တို့ဟာ ရာထူးမှ နုတ်ထွက်သွားခဲ့ကြပြီ ဖြစ်ပါတယ်။
—————————
THN Public Media
