နိုင်ငံရေး

သမ္မတ အဖြစ် တင်မြှောက်ခံရတဲ့ မစ္စတာ မင်းအောင်လှိုင်ကို တရုတ်နိုင်ငံက ဂုဏ်ယူဝမ်းမြောက်ကြောင်းပြော

ဧပြီ ၃ – ၂၀၂၆

မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ မစ္စတာ မင်းအောင်လှိုင်ကို တရုတ်နိုင်ငံ အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်း က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

သတင်းထောက်က သဘောထားမေးမြန်းရာ အခုလို မစ္စမောနင်းက ပြန်လည် ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

သူမက ဆက်ပြီး ပြောရာမှာ တရုတ်နဲ့ မြန်မာဟာ ရှေးယခင် ကတည်းကပင် ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတွေ၊ အိမ်နီးချင်း ကောင်းတွေ ဖြစ်ကြသလို အနာဂတ်ကို အတူတကွ ပုံဖော်မယ့် အသိုက်အဝန်း တခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာပြည်သူအားလုံး အပေါ် ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒကို ကျင့်သုံးပြီး မြန်မာအစိုးရသစ် အနေနဲ့ တိုင်းပြည် တည်ငြိမ် အေးချမ်းအောင် ထိန်းသိမ်းတာ၊ ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောအောင် ဖော်ဆောင်တာတွေကိုလည်း ထောက်ခံအားပေးကြောင်း သူမက ပြောပါတယ်။

‘’ကျွန်မတို့အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အဓိကဦးဆောင်မှု လေးရပ်ကို အကောင်အထည် ဖော်ဖို့၊ အရည်အသွေးမြင့်မားတဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်း BRI ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့၊ ကျွန်မတို့ရဲ့ ဘုံအနာဂတ် အသိုက်အဝန်းကနေ တဆင့် ရလဒ်ကောင်းတွေ ပိုမို ထွက်ပေါ်လာစေဖို့နဲ့ နှစ်နိုင်ငံ ပြည်သူတွေ အတွက် ပိုမိုကောင်းမွန်တဲ့ အကျိုး ကျေးဇူးတွေ ဖော်ဆောင်ပေးနိုင်ဖို့ မြန်မာနိုင်ငံနဲ့ အတူ လက်တွဲ ဆောင်ရွက်သွားဖို့ အသင့်ရှိနေပါတယ်’’ လို့ မောနင်းက ပြောကြားသွားပါတယ်။

—————-

Leave a Reply

Your email address will not be published. Required fields are marked *