သြစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်နဲ့ အောက် ကလေးတွေကို ဆိုရယ်လူမှုကွန်ရက် ပိတ်ပင်တဲ့ ဥပဒေသစ် စတင် အသက်ဝင်ပြီး ကမ္ဘာပေါ်မှာ ပထမဆုံး ဆောင်ရွက်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။
သြစတြေးလျ ဆယ်ကျော်သက် မြောက်များစွာဟာ သူတို့ အိပ်ယာ နိုးလာတဲ့ အခါ သူတို့ အကောင့်တွေ ပိတ်သွားတာကို တွေ့ရှိခဲ့ကြပါတယ်။
တချို့သော ဆယ်ကျော်သက်တွေကတော့ ပိတ်ပင်ထားတဲ့ အတားအဆီး တွေကို ကျော်ခွထားပြီးသားဖြစ်လို့ အဖမ်းမခံရမချင်း လွတ်လွတ် လပ်လပ် ဆက်လက်ကြည့်ရှုကာ ပို့စ်တင်သွားမယ်လို့ ပြောပါတယ်။
ဒီ ဥပဒေသစ် အရ Meta၊ TikTok နဲ့ YouTube အပါအဝင် ဆိုရှယ် လူမှုကွန်ရက် ကုမ္ပဏီတွေ အနေနဲ့ အသက် ၁၆ နှစ်အောက် သြစတြေးလျ နိုင်ငံသားတွေ အကောင့် မသုံးစေအောင် သင့်လျော်တဲ့ ဆောင်ရွက်မှုတွေ အဆင့်ဆင့် ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ချိုးဖေါက်မှုတွေ ရှိတယ်ဆိုရင် မိဘနဲ့ ကလေးတွေကို တာဝန်ယူစေမှာ မဟုတ်ဘဲ ပြင်းထန်စွာ ချိုးဖောက်မှု ဖြစ်မယ်ဆိုရင် လူမှုကွန်ရက်ကုမ္ပဏီ တွေကသာ ဩစတြေးလျ ဒေါ်လာ ၄၉.၅ သန်း အထိ ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။
အွန်လိုင်း ဘေးကင်းလုံခြုံရေး ကြီးကြပ်သူ Julie Inman Grant က ကြာသပတေးနေ့က စပြီး လိုက်နာမှု ရှိ၊ မရှိ စတင်စစ်ဆေးမယ်လို့ ပြောကြားထားပါတယ်။
သြစတြေးလျရဲ့ ဒီ ဥပဒေဟာ အသက် ကန့်သတ်ချက် ၁၆ နှစ် သတ်မှတ် ထားတာ အပြင်၊ မိဘခွင့်ပြုချက်နဲ့တောင် အကောင့်ဖွင့်ခွင့် ပေးထားခြင်း မရှိတာကြောင့် ကမ္ဘာပေါ်မှာ အတင်းကျပ်ဆုံး ဥပဒေ ဖြစ်ပါတယ်။
အခုလို ပိတ်ပင်မှု မဟာဗျူဟာ ဟာ ဝန်ကြီးချုပ် Anthony Albanese ရဲ့ အဓိက စီမံကိန်းတွေထဲက တခု ဖြစ်ပါတယ်။
ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့မှာ မီဒီယာတွေနဲ့ မိဘတွေရှေ့ ပြောကြားရာမှာ ဒီဥပဒေ ဟာ ကမ္ဘာတဝန်းလုံးရှိ ဘဝတွေကို ပြောင်းလဲနိုင်တဲ့ အစွမ်း ရှိတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
“ဒါဟာ သြစတြေးလျက ကမ္ဘာကို ဦးဆောင်ခဲ့တဲ့ တခြားကြီးမြတ်တဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့ အတူ မှတ်တမ်းဝင်သွားမယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီ ပိတ်ပင်မှုကို ကမ္ဘာ့ခေါင်းဆောင် တွေက စိတ်လှုပ်ရှားစွာ စောင့်ကြည့် နေပြီး၊ ဒိန်းမတ်၊ မလေးရှား၊ စင်ကာပူ၊ ဂရိနဲ့ ဘရာဇီးလို နိုင်ငံတွေက သြစတြေးလျကို စမ်းသပ်မှု တခုအဖြစ် လေ့လာနေကြတယ်လို့ ဆိုပါတယ်။
တက်စ်မေးနီးယားက အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေး Florence Brodribb (Flossie) က အခုလို ပိတ်ပင်မှုဟာ သူ့လိုမျိုး ကလေးတွေ ပိုမို ကျန်းမာ၊ ဘေးကင်း ပြီး ကြင်ကြင်နာနာ ဆက်ဆံရေးရှိတဲ့ လူတွေ အဖြစ် ကြီးပြင်းလာစေဖို့ အကူအညီဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြား ပါတယ်။
စစ်တမ်းတွေအရ မိဘတွေ အကြား အလွန်ရေပန်းစား နေပေမယ့် ကလေးတွေ အကြားမှာတော့ လူကြိုက်နည်းလှပါတယ်။
ဝေဖန်သူ တချို့က ဒီ ပြစ်တင် ပိတ်ပင်မှု ဟာ လက်တွေ့မကျ သလို ဉာဏ်ပညာရှိတဲ့ လုပ်ရပ်မဟုတ်ဘူးဆိုပြီး စောဒက တက်ကြပါတယ်။
—————————
THN Public Media
