ဧပြီ ၁၄ – ၂၀၂၆ (သင်္ကြန်အကျ)
အီရန်ဆိပ်ကမ်းတွေကို အမေရိကန်က ပိတ်ဆို့ဖြတ်တောက်မှု စတင် လိုက်ပြီ ဖြစ်ပြီး သမ္မထရမ့်က အီရန်ဟာ သဘောတူညီချက်ရဖို့ အသည်းအသန် လိုလား နေတယ်လို့ ပြောကြားလိုက်ပါတယ်။
အီရန် ဆိပ်ကမ်းတွေကို အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ စတင် အသက်ဝင် နေပြီ ဖြစ်ပြီး အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မနက် ၁၀ နာရီမှာ စတင် မယ်လို့ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့တာပါ။
အိမ်ဖြူတော်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအရ အီရန်ဟာ သဘောတူညီချက် ရဖို့ အသည်းအသန် ဖြစ်နေပြီး ဒီမနက်မှာပဲ သဘောတူညီချက် ရယူဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ က သူ့ဆီကို ဖုန်းဆက် ခဲ့တယ်လို့ အမေရိကန် သမ္မတက ဆိုပါတယ်။
ဒါ့အပြင် ထရမ့်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ သတိပေးချက် တခု တင်ခဲ့ပြီး ပိတ်ဆို့ ထားတဲ့ နယ်မြေထဲကို ချဉ်းကပ်လာမယ့် အီရန်ရဲ့ တိုက်ခိုက်ရေး အမြန်ယာဥ်တွေကို ချက်ချင်း ရှင်းပစ်မယ် လို့ ရေးသားခဲ့ ပါတယ်။
အစောပိုင်းကတော့ အီရန်လွှတ်တော် ဥက္ကဋ္ဌက သူတို့ နိုင်ငံအနေနဲ့ ခြိမ်းခြောက်မှုတွေအောက်မှာ အရှုံးပေးမှာမဟုတ်ဘူး လို့ ပြောကြားခဲ့ပေမဲ့ ထရမ့်ရဲ့ နောက်ဆုံး ပြောကြားချက်တွေ အပေါ်မှာတော့ တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါ။
ပြီးခဲ့တဲ့ စနေနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဟာလည်း သဘောတူညီချက် မရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။
အီရန်က သူတို့ရဲ့ နျူကလီးယား ရည်မှန်းချက်တွေ ကို မစွန့်လွှတ် နိုင်တာကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရတာလို့ ထရမ့်က ပြောခဲ့ပြီး အီရန် နိုင်ငံခြားရေး ဝန်ကြီး ကတော့ အမေရိကန်ဘက်က မူဝါဒတွေ ခဏခဏ ပြောင်းလဲနေတာကြောင့် လို့ ပြန်လည်အပြစ်တင်ခဲ့ပါတယ်။
—————————
THN Public Media
–
