နိုင်ငံတကာ သတင်း

အစ္စရေးတောင်ပိုင်း Dimona မြို့နားက နျူကလီးယား စခန်းကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်

မတ်လ ၂၂ – ၂၀၂၆

အစ္စရေးတောင်ပိုင်း ဒီမိုနာ Dimona မြို့နားက နျူကလီးယား သုတေသန ဌာန အနီးကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ပါတယ်။

အီရန်ဒုံးကျည်ဟာ နျူကလီးယား ဌာန အနီး ထိမှန်မှု ဖြစ်ပွားခဲ့ပေမဲ့ သုတေသနဌာန ပျက်စီးသွားတာမျိုး မရှိဘူးလို့ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ IAEA က ပြောပါတယ်။

အီရန်နိုင်ငံပိုင်ရုပ်သံ ကတော့ ဒီတိုက်ခိုက်မှုဟာ စနေနေ့ အစောပိုင်းက အီရန်ရဲ့ နာတန့်ဇ် နျူကလီးယား စခန်း တိုက်ခိုက်ခံရမှုကို တုံ့ပြန်တာ ဖြစ်တယ်လို့ ထုတ်လွှင့်ခဲ့ပါတယ်။

နာတန့်ဇ်ဖြစ်စဉ်မှာလည်း ဘေးပတ်ဝန်းကျင်ကို ရေဒီယိုသတ္တိကြွမှု ပျံ့နှံ့တာမျိုး မရှိဘူးလို့ IAEA က အတည်ပြုထားပြီး ညွှန်ကြားရေးမှူးချုပ် ကတော့ နျူကလီးယား စခန်းတွေရှိတဲ့နေရာတွေမှာ စစ်ရေးအရ အတတ်နိုင်ဆုံး ထိန်းထိန်း သိမ်းသိမ်းလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒီမိုနာ တိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ် အရွယ် ယောကျ်ားလေး တဦး အပါအဝင် လူပေါင်း ၄၀ လောက် ထိခိုက်ဒဏ်ရာရခဲ့သလို အနီးနားက အာရတ် Arad မြို့မှာလည်း နောက်ထပ် တိုက်ခိုက်မှု တခုကြောင့် ဒဏ်ရာရသူ ၆၈ ဦးခန့် ရှိနေပြီး အဲဒီထဲက ၁၀ ဦး ကတော့ အခြေအနေ စိုးရိမ် ရတယ်လို့ အစ္စရေး လူနာတင်ယာဉ် အဖွဲ့က ပြောပါတယ်။

အစ္စရေး မီးသတ်တပ်ဖွဲ့ရဲ့ အဆိုအရ မြို့နှစ်မြို့လုံးမှာ အစ္စရေးရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေက ဒုံးကျည်တွေကို ကြားဖြတ် မပစ်ခတ်နိုင်ခဲ့ဘဲ ပေါင်ရာချီလေးတဲ့ ထိပ်ဖူးတပ် ပဲ့ထိန်း ဒုံးကျည်တွေ တိုက်ရိုက် ကျရောက်ခဲ့တာကြောင့် အာဏာပိုင်တွေက စုံစမ်း စစ်ဆေးမှု တွေ လုပ်ဆောင်နေပါတယ်။

ဒီမိုနာ နျူကလီးယား စခန်းဟာ အစ္စရေးရဲ့ နျူကလီးယား လက်နက်တွေ သိုလှောင်ထားတဲ့ နေရာအဖြစ် ကမ္ဘာက နှစ်ပေါင်း ၆၀ ကျော်ကြာ လက်ခံ ထားတဲ့ နေရာတခု ဖြစ်ပါတယ်။

အစ္စရေး အစိုးရကတော့ ဒါဟာ သုတေသန အတွက်ပဲလို့ တရားဝင် ပြောဆို လေ့ရှိပြီး နျူကလီးယား လက်နက် ရှိမရှိကိုတော့ တိတိကျကျ ဝန်ခံတာမျိုး မရှိပါ။

အရှေ့အလယ်ပိုင်းမှာ အစ္စရေးဟာ တခုတည်းသော နျူကလီးယား ပိုင်ရှင် ဖြစ်တာကြောင့် အခုလို ပစ်မှတ်ထား ခံရတာကို အစ္စရေး ဘက်က အလွန် တရာ အလေးအနက်ထား စိုးရိမ်နေပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဒီစစ်ပွဲရဲ့ အဓိက ရည်မှန်းချက်ဟာ အီရန်ရဲ့ နျူကလီးယား ဗုံးထုတ်လုပ်နိုင်စွမ်းကို အမြစ်ပြတ်ချေမှုန်းဖို့ ဖြစ်ပါတယ်။

အီရန်အနုမြူစွမ်းအင်အဖွဲ့ ကတော့ နာတန့်ဇ် စခန်း တိုက်ခိုက်ခံရမှုကို နျူကလီးယား လက်နက် မပြန့်ပွားရေးစာချုပ် NPT ကို ချိုးဖောက်တာလို့ စွပ်စွဲထားပါတယ်။

နာတန့်ဇ်စခန်းဟာ စစ်ပွဲ စတင်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပေမဲ့ စနေနေ့က တိုက်ခိုက်မှုနဲ့ ပတ်သက်လို့တော့ အစ္စရေး စစ်တပ်ဘက်က တစုံတရာ သိရှိခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *