စီးပွားရေး

အမေဇုန် ကုမ္ပဏီ ကနေ ယူကေမှာ ဒရုန်းနဲ့ ပထမဆုံး ပစ္စည်းပို့ပြီ

မေလ ၈ – ၂၀၂၆

အွန်လိုင်း ကနေ စျေးရောင်းတဲ့ အမေဇုန် ကုမ္ပဏီ ကနေ ယူကေမှာ ဒရုန်းနဲ့ ပထမဆုံး ပစ္စည်းပို့ပေးတဲ့ ဝန်ဆောင်မှုကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

အင်္ဂလန်မြောက်ဘက် ဒါလင်တန်မြို့မှာ ဒရုန်းနဲ့ ပစ္စည်း စပို့တာ ကို အကန့် အသတ်နဲ့ စတင်လိုက်တာ ဖြစ်ပြီး ဒီဝန်ဆောင်မှုဟာ ယူကေ အတွက် ပထမဦးဆုံး လည်း ဖြစ်ခဲ့ပါတယ်။

အလေးချိန် ၅ ပေါင် (၂.၂ ကီလိုဂရမ်) အောက်ရှိတဲ့ အလှကုန်ပစ္စည်းတွေ၊ ဘက်ထရီတွေနဲ့ အားသွင်းကြိုးတွေလို နေ့စဉ်သုံး ပစ္စည်းတွေကို အမေဇုန်ရဲ့ ပစ္စည်းသိုလှောင်ရုံ ကနေ ၇.၅ မိုင် (၁၂ ကီလိုမီတာ) ပတ်လည် အကွာအဝေး အတွင်းကို ဒရုန်းနဲ့ ပို့ဆောင် ပေးနေတာ ဖြစ်ပါတယ်။

ဒီနည်းပညာ ကုမ္ပဏီကြီးဟာ အလွန်လျင်မြန်တဲ့ ပစ္စည်းပို့ဆောင်မှု အပေါ် ဝယ်လိုအား ရှိမယ်လို့ ယုံကြည်နေပြီး ဝန်ဆောင်မှုကို တဖြည်းဖြည်း တိုးချဲ့ သွားဖို့ မျှော်လင့်ထားပါတယ်။

လယ်သမား တဦးဖြစ်တဲ့ Rob Shield ကတော့ သူ့ရဲ့ လယ်တောထဲက အငှားအိမ်လေးကို အမေဇုန်ရဲ့ ပထမဆုံး စမ်းသပ်မှုတွေ အတွက် အသုံးပြုခွင့်ပေးခဲ့ပါတယ်။

“ပထမတော့ ဒါက ထူးထူးဆန်းဆန်း ဖြစ်နေတော့ ကျွန်တော်တို့က ပစ္စည်းတိုင်း လျှောက်မှာတာပေါ့၊ ဘောပင်တွေ၊ စက္ကူတွေ၊ ချောကလက်တွေ – ဒရုန်းကြီး ခဏခဏ လာအောင်လို့ ဘာမဆို မှာပစ်တာ” လို့ သူက ပြောပါတယ်။

သူ့ရဲ့ အော်ဒါတွေဟာ ဖိနပ်ဘူး အရွယ်အစား လောက်ရှိတဲ့ ပါဆယ်ထုတ် တွေနဲ့ ၂ နာရီ အတွင်း ရောက်လာပြီး ရှေ့ခြံထဲကို ၁၂ ပေ အမြင့်ကနေ ချပေးတာ ဖြစ်ပါတယ်။

“ဒါကိုကြည့်ဖို့ သက်သက်တင် လာကြတဲ့သူတွေရှိတယ်” လို့ သူက ဆိုပါတယ်။

“အဲဒီနောက်ပိုင်းမှာတော့ တကယ်လိုအပ်တဲ့ ပေတံတို့ ဘာတို့လို အမြဲပျောက်တတ်တဲ့ ပစ္စည်းတွေကို မှာလိုက်ရုံနဲ့ ချက်ချင်း ရောက်လာ တာမျိုးဆိုတော့ တကယ် အသုံးဝင်မှန်း သိလာရတယ်” လို့လည်း သူက ပြောပါတယ်။

ဒါလင်တန်မြို့က နောက်ထပ် အမျိုးသမီးတဦး ကတော့ “ကျွန်မရဲ့ခြံထဲကို ပစ္စည်းလှမ်းချ ပေးတာထက်စာရင် လူကိုယ်တိုင် လာပေးတာကိုပဲ ပိုကြိုက်တယ်” လို့ ပြောသလို၊ နောက်တဦး ကလည်း တခါလောက်တော့ စမ်းကြည့်နိုင်ပေမဲ့ နောက်ပိုင်းတော့ “အဟောင်းအတိုင်းပဲ ဆက်သွားမှာပါ” လို့ ဆိုပါတယ်။

နောက်ထပ် မြို့ခံတဦး ကတော့ ဒရုန်းနဲ့ပို့တဲ့ စိတ်ကူးကို “တကယ်ကို ရူးကြောင်ကြောင်နိုင်တဲ့ အကြံပဲ” လို့ တင်စားပြောဆိုခဲ့ပါတယ်။

ဒီအခြေအနေအထိ ရောက်လာဖို့ အမေဇုန် အနေနဲ့ ဆယ်စုနှစ် တခုကျော် ကြိုးစားခဲ့ရတာ ဖြစ်ပေမဲ့ ဒါဟာ ထိုက်တန်တယ်လို့ ကုမ္ပဏီက ယုံကြည် နေပြီး ဝယ်သူတွေဘက် ကလည်း အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

“သေချာတာတခုကတော့ ဝယ်သူတွေဟာ သူတို့ပစ္စည်းကို အကြာကြီး နေမှ ရချင်တယ်လို့ တခါမှ မပြောဖူးပါဘူး” လို့ Amazon Prime Air ရဲ့ ဒုဥက္ကဋ္ဌ David Carbon က ပြောပါတယ်။

“ခင်ဗျားမှာ ကလေးရှိလို့ ကလေးဖျားတဲ့ဆေး လိုနေပြီဆိုရင် အခုချက်ချင်း ရချင်မှာပဲလေ၊ ဆိုင်ကို ကားမောင်းသွားဖို့ အချိန်မပေးချင်တော့ဘူး” လို့ သူက ဆိုပါတယ်။

ယူကေမှာတော့ အမေဇုန် ဒရုန်းတွေက ၂ နာရီ အတွင်း ပို့ပေးနေပြီး အမေရိကန် မှာတော့ ပျှမ်းမျှ ၃၆ မိနစ်ပဲ ကြာတယ်လို့ Carbon က ပြောပါတယ်။

အမေဇုန်ဟာ တနာရီကို ပျံသန်းမှု ၁၀ ကြိမ်ထက် မပိုစေဘဲ တနေ့ကို ပစ္စည်းပို့ဆောင်မှု အကြိမ် ၁၀၀ အထိ လုပ်ဆောင်သွားမှာပါ။

ဒါလင်တန်မှာတော့ ဝယ်သူတွေ အနေနဲ့ ဒရုန်းနဲ့ ပစ္စည်း လက်ခံဖို့ ခြံဝန်း ဒါမှမဟုတ် အိမ်နောက်ဖေး ကွင်းပြင် ရှိဖို့ လိုအပ်ပါတယ်။

ဒရုန်းတွေကို လန်ဒန်မှာ သွေးအိတ်တွေ ပို့ဆောင်ဖို့ အတွက် NHS က စမ်းသပ်နေသလို၊ Royal Mail ကလည်း ဝေးလံတဲ့ ကျွန်းစုလေးတွေဆီ ပစ္စည်းပို့ဖို့ အသုံးပြုနေပါတယ်။

အမေဇုန်ဟာ ဒါလင်တန်မှာ သူတို့ရဲ့ အဆင့်မြင့်ဆုံး MK30 ဒရုန်းကို အသုံးပြုထားပါတယ်။

ဒီဒရုန်းမှာ လမ်းကြောင်းပေါ်က အဝတ်လှမ်းစင်တွေ၊ လူတွေနဲ့ တခြား လေယာဉ်တွေ အထိ ဘာမဆို ရှောင်ကွင်းနိုင်တဲ့ အာရုံခံ ကိရိယာတွေ ပါဝင်ပါတယ်။

ပစ္စည်းချပေးမယ့် နေရာကို ချဉ်းကပ်လာတဲ့ အခါမှာလည်း GPS စနစ်ကို သုံးပြီး ဘယ်နေရာမှာ ပစ္စည်းလွှတ်ချ ရမလဲဆိုတာကို အတိအကျ သိပါတယ်။

“ဒါဟာ တကယ်တော့ လေယာဉ်မှူး တယောက်လိုပဲ အလိုအလျောက် ပျံသန်းနိုင်တဲ့ ဒရုန်းပါ၊ မြေပြင်ဝန်ထမ်းတွေ လုပ်ရမယ့် အလုပ်ကိုလည်း လုပ်နိုင်သလို ပစ္စည်းလည်း ပို့ပေးနိုင်တယ်” လို့ Carbon က ပြောပါတယ်။

“ကျွန်တော်တို့မှာ လေကြောင်းပျံသန်းမှုဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ အညီ တိကျတဲ့ လုံခြုံရေး အဆင့်အတန်းမျိုး ရှိပါတယ်” လို့လည်း သူက ဆိုပါ တယ်။

အမေဇုန်ဟာ အမေရိကန်ပြည်ထောင်စုမှာတော့ ပြည်နယ် ၅ ခုမှာ ဒရုန်းနဲ့ ပို့ဆောင်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းက တက္ကဆက် ပြည်နယ်မှာ MK30 ဒရုန်း တစင်းဟာ တိုက်ခန်း တခုရဲ့ ဘေးနံရံကို ဝင်တိုက်ပြီး မြေပြင်ပေါ် ပြုတ်ကျကာ ပျက်စီးသွားခဲ့ပါတယ်။

ဒရုန်းဟာ GPS လိုင်းပျောက်သွားလို့ အနည်းငယ် လမ်းကြောင်းလွဲပြီး တိုက်ခန်းရဲ့ ရေမြောင်း အနားသတ်နဲ့ ငြိသွားတာလို့ Carbon က ပြောပါ တယ်။

ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရှိခဲ့ပါဘူး။ အဲဒီ နောက်ပိုင်းမှာတော့ အမေဇုန် ဟာ အဲဒီလို တိုက်ခန်းမျိုးတွေဆီ ပစ္စည်းပို့တာကို ရပ်နား လိုက်ပါတယ်။

ဒါဟာ “လုပ်ရင်းကိုင်ရင်း သင်ယူရတဲ့ သင်ခန်းစာ” ဖြစ်ပြီး ပျံသန်းမှုအကြိမ်ရေ ၁၇၀၀၀၀ လောက်ကိုတော့ ဘေးကင်းစွာ လုပ်ဆောင် နိုင်ခဲ့တယ်လို့ Carbon က ပြောကြားခဲ့ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *