နိုင်ငံတကာ နိုင်ငံရေး

အမေရိကန်နဲ့ အစ္စရေး အရာရှိကြီးတွေရဲ့ နေအိမ်တွေနဲ့ တက္ကသိုလ်တွေကို တိုက်ခိုက်မယ်လို့ အီရန် ခြိမ်းခြောက်

မတ်လ ၃၀ – ၂၀၂၆

အီရန်ဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်နဲ့ အစ္စရေး အရာရှိကြီးတွေရဲ့ နေအိမ်တွေနဲ့ တက္ကသိုလ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ထပ်မံ ခြိမ်းခြောက်လိုက်ပါတယ်။

အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေကို ပေါင်းစပ်ညှိနှိုင်းပေးရတဲ့ အဆင့်မြင့်ဆုံး စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ Ebrahim Zolfaghari က ဒေသတွင်းမှာရှိတဲ့ အမေရိကန်နဲ့ အစ္စရေး စစ်ဗိုလ်ချုပ် တွေနဲ့ အရာရှိ တွေ ရဲ့ နေအိမ်တွေကို တိုက်ခိုက် သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နိုင်ငံရဲ့ မြို့အသီးသီးက အရပ်သား နေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက် ဒါဟာ လက်တုံ့ပြန်မယ့် လုပ်ဆောင်ချက် တခုဖြစ်တယ်လို့ သူက စွပ်စွဲ ပြောကြားခဲ့ တာပါ။

အီရန်အလယ်ပိုင်း အစ္စဖာဟန်မြို့မှာရှိတဲ့ တက္ကသိုလ်တခုဟာလည်း ဒီသီတင်းပတ်ကုန် အတွင်းမှာတင် ဒုတိယ အကြိမ်မြောက် တိုက်ခိုက် ခံခဲ့ရတယ်လို့ တီဟီရန် အစိုးရက ဆိုပါတယ်။

အီရန်ရဲ့ စွမ်းအင် အခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရပြီး ပျက်စီး သွားခဲ့တာကြောင့် မြို့တော်တီဟီရန်မှာ မီးပြတ်တောက်ခဲ့ပေမဲ့ အခုအခါ မှာတော့ နေရာအတော်များများကို လျှပ်စစ်မီး ပြန်လည်ပေးနိုင်ပြီ ဖြစ်ပါတယ်။

တဘက်မှာလည်း အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးတောင်ပိုင်းက စက်မှုဇုန်တခုမှာ မီးလောင်ခဲ့လို့ အခုတော့ မီးကို ထိန်းချုပ်နိုင်ပြီလို့ အစ္စရေး ဘက်က ပြောကြားထားပါတယ်။

စစ်ပွဲအတွင်းမှာ အီရန် စစ်ဘက်အရာရှိကြီးတွေနဲ့ ခေါင်းဆောင် အတော် များများ သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် စစ်ပွဲ ပထမဆုံးနေ့မှာတင် လုပ်ကြံခံခဲ့ရတဲ့ အီရန်ရဲ့ အမြင့်ဆုံး ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီလည်း ပါဝင်ပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *