



မတ်လ ၂၉ – ၂၀၂၆
အီရန်စစ်ပွဲ အတွက် အနောက်အာရှ ဒေသတွင်းကို အမေရိကန် မရိန်း တပ်ဖွဲ့ဝင်တွေ ထပ်မံ ရောက်ရှိလာချိန်မှာပဲ အီရန်ဘက်ကလည်း သူတို့ရဲ့ တပ်ဖွဲ့တွေဟာ အမေရိကန် ခြေလျင်တပ် တွေကို “စောင့်ကြိုနေတယ်” လို့ ပြောဆိုလိုက်ပါတယ်။
အီရန်လွှတ်တော် ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က အမေရိကန် စစ်သားတွေ မြေပြင်ကို ခြေချလာတာနဲ့ သူတို့ပေါ်ကို “မီးမိုးရွာချနိုင်ဖို့” အီရန် တပ်ဖွဲ့တွေက စောင့်ဆိုင်း နေကြတာဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်။
အမေရိကန်ရဲ့ စစ်သင်္ဘော USS Tripoli နဲ့ အတူ စစ်သည် အင်အား ၃၅၀၀ လောက်ဟာ ဒေသတွင်းကို ရောက်ရှိလာပြီ ဖြစ်ကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက်မှာ အီရန်ဘက်က အခုလို ပြောဆိုလာတာပါ။
ပန်တဂွန် စစ်ဌာနချုပ် အနေနဲ့ အီရန်မြေပြင်မှာ သီတင်းပတ်ပေါင်း များစွာ ကြာမယ့် မြေပြင် စစ်ဆင်ရေးတွေ အတွက် ပြင်ဆင် နေတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြထားပေမဲ့ သမ္မတ ဒေါ်နယ်ထရမ့်က ဒါကို ခွင့်ပြုမှာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားရာမှာ မြေပြင်တပ်ဖွဲ့ဝင်တွေ အသုံးမပြုဘဲ နဲ့ လည်း အီရန်မှာ အမေရိကန်ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင် နိုင်တယ်လို့ ဆိုပါတယ်။
အီရန် အစိုးရပိုင် IRNA သတင်းဌာန အပါအဝင် အီရန် မီဒီယာတွေဟာ စစ်ပွဲ စတင်ပြီး ရက်ပေါင်း ၃၀ ပြည့် အထိမ်းအမှတ် အဖြစ် လွှတ်တော် ဥက္ကဋ္ဌ Ghalibaf ရဲ့ သဝဏ်လွှာကို ထုတ်ပြန်ခဲ့ကြပါတယ်။
အဲဒီသဝဏ်လွှာထဲမှာ Ghalibaf က ရန်သူဟာ လူသိရှင်ကြားမှာတော့ ဆွေးနွေး ညှိနှိုင်းဖို့ အချက်ပြနေပေမဲ့ တကယ့်တကယ် တိတ်တဆိတ် မှာတော့ မြေပြင် တိုက်ခိုက်မှု အတွက် ကြံစည်နေတာ ဖြစ်တယ်လို့ ပြောထား ပါတယ်။
ဒါ့အပြင် အမေရိကန်ဟာ အချက် ၁၅ ချက်ပါဝင်တဲ့ တောင်းဆိုချက် စာရင်းနဲ့အတူ သူတို့ရဲ့ အလိုဆန္ဒတွေကို ချပြနေပြီး စစ်ပွဲထဲမှာ မအောင်မြင်ခဲ့ တာတွေကို အခုနည်းနဲ့ ရယူဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
အီရန်တပ်ဖွဲ့တွေဟာ အမေရိကန် စစ်သားတွေကို တိုက်ခိုက်ဖို့ အသင့်စောင့် နေကြတယ်လို့ Ghalibaf က ထပ်လောင်း ပြောကြားခဲ့သလို အညံ့ခံဖို့ ကိစ္စနဲ့ ပတ်သက်လို့လည်း အီရန်ရဲ့ ရှင်းလင်းတဲ့ သတင်းစကားက ‘’အညံ့ခံ အရှက်ရစေတာမျိုး’’ ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူးလို့ အာရဗီ ဘာသာစကားနဲ့ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာ အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၄၀၀၀ ကျော်ဟာ ပင်လယ်ကွေ့ကို ဦးတည် နေတဲ့ သင်္ဘောတွေပေါ်မှာ ရှိနေသလို အမှတ် ၈၂ လေကြောင်းချီ တပ်ဖွဲ့က လေထီးတပ်သားတွေဟာလည်း အသင့်အနေအထားမှာ ရှိနေပြီး စစ်ကူတွေ ထပ်မံစေလွှတ်ဖို့ကိုလည်း ဆွေးနွေးနေကြတယ်လို့ ယူဆရ ပါတယ်။
—————————
