မတ်လ ၂၅ – ၂၀၂၆
အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ အလွန်အကျွံ ဖြစ်နေတယ်လို့ ဆိုကာ အီရန်က ပယ်ချလိုက်ပြီး စစ်ပွဲရပ်တန့်ရန်အတွက် သတ်မှတ်ချက် ၅ ချက်ကို ထုတ်ပြန်လိုက်ကြောင်း အီရန်အရာရှိ တဦးက နိုင်ငံပိုင်မီဒီယာကို ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ အဆိုပြုချက်ကို အီရန်က ပယ်ချလိုက်ကြောင်း အဆင့်မြင့် နိုင်ငံရေးနှင့် လုံခြုံရေးအရာရှိ တဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အီရန် နိုင်ငံပိုင် Press TV သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဘယ်အရာရှိဆိုတာကို မဖေါ်ပြဘဲ အီရန်အနေနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ကိုယ်တိုင် ဆုံးဖြတ်တဲ့ အချိန်နဲ့ ကိုယ်တိုင် သတ်မှတ်ထားတဲ့ အခြေအနေ တွေ ပြည့်စုံတဲ့ အချိန်ကျမှသာ စစ်ပွဲကို အဆုံးသတ်မှာဖြစ်တယ် လို့ အဲဒီ အရာရှိက ပြောကြောင်း ထုတ်ပြန်ထားပါတယ်။
Press TV ရဲ့ ဖော်ပြချက်အရ အီရန်ဘက်က သတ်မှတ်ချက် ၅ ခု ကတော့
#ရန်သူရဲ့ ကျူးကျော်မှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ ကို လုံးဝရပ်တန့်ရန်။
#အစ္စလာမ္မစ်သမ္မတနိုင်ငံ (အီရန်) အပေါ် စစ်ပွဲပြန်လည် မဖြစ်ပွားစေရန် သေချာ စေမည့် ခိုင်မာသော ယန္တရားများ ထူထောင်ရန်။
#စစ်လျော်ကြေးများနှင့် ပြန်လည် ကုစားမှုများကို အာမခံချက်ရှိရှိ တိတိ ကျကျ သတ်မှတ်ပေးချေရန်။
#စစ်ပွဲတွင် ပါဝင်ပတ်သက်နေသော ဒေသတွင်းရှိ ခုခံရေး လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ အားလုံးအတွက်ပါ စစ်ပွဲကို စစ်မျက်နှာ အားလုံးမှာ အဆုံးသတ်ရန်။
#ဟော်မုဇ်ရေလက်ကြား အပေါ် အီရန်ရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်ခွင့် နှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် အာမခံချက်များ ရရှိရန် တို့ ဖြစ်ပါတယ်။
ဝါရှင်တန် အနေနဲ့ သံတမန်ရေး လမ်းကြောင်းအမျိုးမျိုး ကတဆင့် ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ ကြိုးပမ်းနေပေမယ့် အီရန်ကတော့ အမေရိကန်ရဲ့ အဆိုပြုချက်တွေဟာ (တောင်းဆိုချက်တွေ) များလွန်း နေတယ်လို့ ရှုမြင်နေကြောင်း Press TV က ဆိုပါတယ်။
—————————
