မတ်လ ၁၃ – ၂၀၂၆
အီရတ်နိုင်ငံ အနောက်ပိုင်းမှာ အမေရိကန် လောင်စာဖြည့် စစ်တပ် လေယာဉ်တစင်း ပျက်ကျခဲ့ရာမှာ လေယာဉ်ပေါ် ပါလာတဲ့ အဖွဲ့ဝင် ၆ ဦး ထဲက ၄ ဦး သေဆုံး သွားပြီ ဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် က အတည်ပြု ပြောကြားလိုက်ပါတယ်။
KC-135 အမျိုးအစား လေယာဉ်ပျက်ကျ သွားပြီးနောက်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီလေယာဉ် ဟာ ရန်သူပစ်ခတ်မှု ဒါမှမဟုတ် မဟာမိတ်တပ်တွေရဲ့ မှားယွင်း ပစ်ခတ်မှုကြောင့် ပျက်ကျတာ မဟုတ်ဘူးလို့ စစ်ဘက်က ကနဦး ထုတ်ပြန်ထားပါတယ်။
လေယာဉ်ဟာ အီရန် စစ်ဆင်ရေး တွေမှာ ပါဝင်နေတာဖြစ်ပြီး မတော် တဆ ဖြစ်ပွားချိန်မှာ လေယာဉ်နှစ်စင်း ပါဝင်ပတ်သက်ခဲ့တာပါ။ ဒုတိယ လေယာဉ် ကတော့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။
ဘိုးအင်း ကုမ္ပဏီထုတ် ဒီလေယာဉ်တွေဟာ ဝေဟင်မှာ လောင်စာဖြည့်ပေး နိုင်တဲ့ စွမ်းရည်ရှိပြီး အမေရိကန် စစ်ဆင်ရေးတွေမှာ အဓိက အခန်းကဏ္ဍ က ပါဝင်လေ့ရှိပါတယ်။
ပင်လယ်ကွေ့ စစ်ပွဲတုန်း ကလည်း တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ လေယာဉ် တွေ ခရီးဝေး ပျံသန်းနိုင်ဖို့ အတွက် ဒီလေယာဉ်တွေကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခဲ့ပါတယ်။
အခု ဖြစ်စဉ်ဟာ ကြာသပတေးနေ့ ဂရင်းနစ် စံတော်ချိန် ညနေ ၇ နာရီ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပျက်ကျရတဲ့ အခြေအနေတွေကို အသေးစိတ် စုံစမ်း စစ်ဆေးနေပြီလို့ ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်သည်တွေရဲ့ အမည်စာရင်းကိုတော့ သူတို့ရဲ့ မိသားစုဝင် တွေကို အရင် အကြောင်းကြားနိုင်ဖို့ အတွက် ၂၄ နာရီကြာ ထိန်းသိမ်း ထားဦး မယ်လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် KC-135 လေယာဉ်တစင်းမှာ လေယာဉ်မှူး၊ တွဲဖက် လေယာဉ်မှူးနဲ့ လောင်စာဖြည့်ပိုက်ကို ထိန်းချုပ်ရတဲ့ အဖွဲ့ဝင် အနည်းဆုံး ၃ ဦး ပါဝင်လေ့ရှိပါတယ်။
ဒီလေယာဉ်ဟာ မဟာမိတ်တွေ စိုးမိုးထားတဲ့ ဝေဟင်ပိုင်နက်ထဲမှာ ပျက်ကျ ခဲ့တာလို့ စစ်ဘက်က ပြောပေမဲ့ အဲဒီ နေရာဟာ အီရန်လိုလားတဲ့ လက်နက်ကိုင် အဖွဲ့တွေ လှုပ်ရှားရာ အီရတ် ဒေသလည်း ဖြစ်နေပါတယ်။
အီရန်နိုင်ငံ ပိုင်ရုပ်သံ ကတော့ သူတို့ရဲ့ မဟာမိတ် အဖွဲ့တခုက လေယာဉ်ကို ဒုံးကျည်နဲ့ ပစ်ချခဲ့တာလို့ ကြေညာထားပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား စစ်ပွဲ စတင်ကတည်းက အခုဆိုရင် အမေရိကန် စစ်သား ၇ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ ပါတယ်။
အခုစစ်ပွဲ အတွင်း အမေရိကန်စစ်တပ်ဟာ အနည်းဆုံး လေယာဉ် ၄ စင်း ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။
ဒီလအစောပိုင်းတုန်းက ကူဝိတ်ကောင်းကင်ယံမှာ မဟာမိတ် တပ်အချင်းချင်း မှားယွင်း ပစ်ခတ်မိတဲ့ ဖြစ်စဉ် ကြောင့် F-15 တိုက်လေယာဉ် ၃ စင်း ပစ်ချခံခဲ့ရပြီး လေယာဉ်မှူး ၆ ဦးစလုံး ကတော့ လေယာဉ်ပေါ် ကနေ ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ကြပါတယ်။
KC-135 Stratotanker လေယာဉ်တွေကို ၁၉၅၀ ပြည့်လွန်နှစ် တွေနဲ့ ၁၉၆၀ အစောပိုင်း ကာလတွေမှာ ဘိုးအင်း ကုမ္ပဏီက အမေရိကန် စစ်တပ် အတွက် ထုတ်လုပ်ပေးခဲ့တာပါ။
ဒီလေယာဉ်တွေဟာ အမေရိကန် လေတပ်ရဲ့ လောင်စာဖြည့်တင်းရေး ကဏ္ဍမှာ အဓိက ကျောရိုးဖြစ်ပြီး တိုက်လေယာဉ်တွေကို မြေပြင် ဆင်းသက် စရာမလိုဘဲ ရေရှည် စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်အောင် ကူညီ ပေးနေတာ ဖြစ်ပါတယ်။
ref: bbc
—————————
THN Public Media
