နိုင်ငံတကာ

အမေရိကန် အတွက် နေတိုးမလိုဘူးလို့ ထရမ့်ပြောကြား

US President Donald Trump speaks during a meeting with Micheal Martin, Ireland’s prime minister, not pictured, in the Oval Office of the White House in Washington, DC, US, on Tuesday, March 17, 2026. The Irish prime minister is in Washington today meeting with lawmakers, a bipartisan St. Patrick’s Day tradition. Photographer: Yuri Gripas/Abaca/Bloomberg via Getty Image

မတ်လ ၁၈ – ၂၀၂၆

အီရန်က ပိတ်လိုက်တဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်နိုင်ရေး အတွက် စစ်သင်္ဘောတွေ စေလွှတ် ပေးဖို့ အမေရိကန် သမ္မတရဲ့ တောင်းဆိုချက်ကို နေတိုး အဖွဲ့ဝင်နိုင်ငံ တချို့က ငြင်းပယ်ခဲ့ပြီး နောက်မှာ ထရမ့်က အမေရိကန် အနေနဲ့ နေတိုးအဖွဲ့ကို မလိုအပ်ဘူးလို့ ပြောကြားလိုက် ပါတယ်။

သမ္မတရုံးခန်းမှာ သတင်းထောက်တွေကို ပြောကြားရာ ထရမ့်က သူ့ရဲ့တောင်းဆိုမှုကို ငြင်းပယ်တာဟာ အလွန်မိုက်မဲတဲ့ အမှား ဖြစ်တယ် ဆိုပါတယ်။

“အားလုံးက ကျွန်တော်တို့နဲ့ သဘောတူကြတယ်… ဒါပေမဲ့ သူတို့က မကူညီချင်ကြဘူး… ဒါကို အမေရိကန် ပြည်ထောင်စု အနေနဲ့ မှတ်ထားရမယ်… ဘာလို့လဲ ဆိုတော့ ဒါက အတော်လေးကို တုန်လှုပ်စရာ ကောင်းတယ်…’’ လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံ တချို့ဟာ အီရန်အပေါ် စစ်ပွဲဆင်နွှဲရတဲ့ ထရမ့်ရဲ့ ပြောင်းလဲနေတဲ့ အကြောင်းပြချက်တွေ အပေါ် မေးခွန်း ထုတ်လာ ကြပါတယ်။

အစိုးရ အတွင်းပိုင်းမှာလည်း ကန့်ကွက်မှုတွေ ရှိနေပါတယ်။

အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူး ဂျိုးကန့် ဟာ အီရန်ဟာ အမေရိကန် အတွက် ချက်ချင်း လက်ငင်း ခြိမ်းခြောက်မှု မရှိဘူးလို့ ပြောဆိုပြီး အင်္ဂါနေ့မှာ ရာထူးက နုတ်ထွက် သွားခဲ့ ပါတယ်။

ဒါ့အပြင် လတ်တလောမှာ ပင်လယ်နီထဲမှာ ရောက်ရှိနေတဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကြီး USS Gerald R Ford ပေါ်မှာ လည်း စစ်သည်တွေရဲ့ စိတ်ဓာတ်ခွန်အားတွေ ကျဆင်းနေတယ်လို့ အချို့က ထောက်ပြကြပါတယ်။

အဲဒီသင်္ဘောကြီးဟာ ပင်လယ်ထဲမှာ နေခဲ့တာ (၉) လနီးပါး ရှိနေပြီဖြစ်ပြီး မကြာသေးမီ ကလည်း မီးလောင်မှုကြောင့် ပျက်စီးမှုအချို့ ကြုံတွေ့ခဲ့ရ ပါတယ်။

အနည်းဆုံး လူပေါင်း ၂၀၀၀ ခန့် သေဆုံးခဲ့ရတဲ့ ဒီစစ်ပွဲဟာ အခုဆိုရင် တတိယ ပတ်ထဲကို ရောက်ရှိလာပြီဖြစ်ပြီး ဘယ်တော့ပြီးမလဲဆိုတာ မသိရသေးပါ။

အီရန်စစ်ဦးစီးချုပ် အမီ ဟာတာမီ ကတော့ အမျိုးသား လုံခြုံရေး ကောင်စီ အကြီးအကဲ အလီ လာရီဂျာနီကို အစ္စရေးက သတ်ဖြတ်ခဲ့မှု အတွက် လက်တုံ့ ပြန်သွားမယ်လို့ အင်္ဂါနေ့မှာ ကတိပြုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာတော့ အစ္စရေးဟာ ဒုံးကျည်တွေနဲ့ ဘေရွတ် မြို့လယ်ခေါင်ကို ပြင်းပြင်း ထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ သလို၊ အီရန်ရဲ့ ဒုံးကျည် တိုက်ခိုက်မှုကြောင့်လည်း အစ္စရေး အလယ်ပိုင်းမှာ လူ ၂ ဦး သေဆုံးခဲ့ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *