နိုင်ငံရေး

အရှေ့တီမော သံရုံး ယာယီတာဝန်ခံကို မြန်မာနိုင်ငံက ၇ ရက်အတွင်း အပြီးတိုင် ထွက်ခွာဖို့ စစ်ကော်မရှင် ဆင့်ခေါ် အသိပေး

ဖေဖေါ်ဝါရီ ၁၅ – ၂၀၂၆

ချင်းလူ့အခွင့်အရေးအဖွဲ့က မြန်မာစစ်တပ် အရာရှိတချို့ကို အရှေ့တီမော မှာ တရားစွဲဆိုတာကို အရှေ့တီမော က လက်ခံလိုက်တဲ့ အတွက် ဒါဟာ အာဆီယံ ပဋိညာဥ်နဲ့ အခြေခံမူတွေကို ချိုးဖေါက်တာဆိုပြီး မြန်မာ စစ်ကော်မရှင် က အရှေ့တီမော သံရုံး ယာယီတာဝန်ခံကို ၇ ရက်အတွင်း မြန်မာနိုင်ငံက အပြီးတိုင် ထွက်ခွာဖို့ ဆင့်ခေါ် အသိပေးလိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အခုလို ချင်းအဖွဲ့က တရားစွဲတာကို လက်ခံတဲ့ အပေါ် အရှေ့တီမော သံရုံး ယာယီတာဝန်ခံကို ပြီးခဲ့တဲ့ လ ၁ ရက်နေ့က ဆင့်ခေါ်ပြီး ကန့်ကွက်ရှုတ်ချ ကြောင်း အသိပေးခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်နိုငင်ံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာအမြဲတမ်း အတွင်းဝန်က အရှေ့တီမော နိုင်ငံခြားရေး ဝန်ကြီးကို သီးသန့်တွေ့ဆုံပြီး ဒီကိစ္စအတွက် ဖြေရှင်းချက်ပေးဖို့ တောင်းဆိုခဲ့ရာ တပတ်အတွင်း ပေးပို့မယ်လို့ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အရှေ့တီမောဟာ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ တရားစွဲဆိုမှုကို ဆက်လက် ဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အခုလို သံရုံးယာယီတာဝန်ခံကို မြန်မာနိုင်ငံထွက်ခွာဖို့ ညွှန်ကြားခဲ့တာလို့ ဖေါ်ပြထားပါတယ်။

အရှေ့တီမောအနေနဲ့ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက် မပြောင်းလဲပါက ပိုမိုပြင်းထန်တဲ့ အစီအမံတွေ ထပ်ပြီး ချမှတ်ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းလည်း အသိပေးလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *