ဧပြီ ၂၆ – ၂၀၂၆
မနေ့ ဧပြီ ၂၅ ည ဝါရှင်တန်ဒီစီ Washington Hilton ဟိုတယ်မှာ ကျင်းပတဲ့ အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲမှာ သေနတ်သံတွေ ကြားရပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ First Lady မီလာနီယာ ထရမ့်တို့ကို လုံခြုံတဲ့နေရာဆီ အမြန်ဆုံး ခေါ်ထုတ် သွားခဲ့ရပါတယ်။
အဲဒီ ပစ်ခတ်မှုဖြစ်စဉ” အတွင်း ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ အမေရိကန် လုံခြုံရေးတပ်ဖွဲ့ Secret Service က အတည်ပြုထားပြီး သံသယ သေနတ်သမားကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။
သံသယရှိသူဟာ ကယ်လီဖိုးနီးယား အသက် ၃၁ နှစ်အရွယ် Cole Tomas Allen လို့ နောက်ပိုင်းမှာ သိရပြီး သူဟာ အဲဒီဟိုတယ်မှာ တည်းနေသူလို့ ဆိုပါတယ်။
ပစ်ခတ်မှု ဖြစ်ပြီးပြီးချင်းမှာပဲ သမ္မတက Truth Social ပလက်ဖောင်းပေါ်မှာ အခုလို ရေးသားခဲ့ ပါတယ် – ပစ်ခတ်သူကို ဖမ်းမိသွားပြီဖြစ်ပြီး ပွဲကို ဆက်လုပ်ဖို့ အကြံပြုထားပေမဲ့လည်း လုံခြုံရေး အဖွဲ့တွေရဲ့ ညွှန်ကြားချက်အတိုင်းပဲ အပြည့်အဝ လိုက်နာသွားမှာပါ’’ လို့ ဆိုပါတယ်။
ဒုတိယပို့စ်မှာတော့ ထရမ့်က သူနဲ့ First Lady တို့ကို အဲဒီနေရာ ကနေ ထွက်ခွာပေးဖို့ လုံခြုံရေး တပ်ဖွဲ့တွေက တောင်းဆိုခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
အဲဒီ အခင်းဖြစ်ပွားတဲ့ ဟိုတယ်ကနေ အိမ်ဖြူတော်ကို ပြန်ရောက်ပြီးနောက် အိမ်ဖြူတော်ကနေ တဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ထရမ့်က ဒီလိုမျိုး ဖြစ်ရပ်တွေ ကြုံရတဲ့အခါ ဘယ်တော့မှ မရိုးနိုင်အောင် တုန်လှုပ် ချောက်ချား ရတယ်လို့ ဆိုပါတယ်။
အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲဟာ ၁၉၂၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အမေရိကန် သတင်းမီဒီယာတွေရဲ့ အစဥ်အလာ တခုဖြစ်ပြီး သမ္မတ တာဝန်ယူထားသူတွေ တက်ရောက်လေ့ ရှိပါတယ်။
ဒါဟာ ၂၀၁၁ နောက်ပိုင်း သမ္မတအဖြစ်နဲ့ ထရမ့် ပထမဆုံး တက်ရောက်တာဖြစ်ပါတယ်။
–
———
ညစာစားပွဲကို ကျင်းပနေတဲ့ Washington Hilton ဟိုတယ်က CCTV ဗီဒီယိုဖိုင်ကို ထရမ့်က ထုတ်ပြန်ခဲ့ရာမှာ လူတယောက်က လုံခြုံရေးဝန်ထမ်းတွေကို ကျော်ဖြတ်ပြီး အမြန်ပြေးသွားတဲ့ မြင်ကွင်းနဲ့ ဝန်ထမ်းတွေက လှည့်ပြီး လိုက်ဖမ်းတဲ့ မြင်ကွင်းတွေကို တွေ့ရပါတယ်။
လုံခြုံရေးတာဝန်ရှိသူတွေနဲ့ သံသယရှိသူတို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပေမဲ့ ဘယ်နှစ်ချက် ပစ်ခဲ့လဲဆိုတာတော့ မပြောပါဘူး။
CBS သတင်း ကတော့ ရဲသတင်းရင်းမြစ်တွေကို ကိုးကားပြီး အနည်းဆုံး ၅ ချက် ကနေ ၈ ချက်ကြား ပစ်ခတ်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။
လူပေါင်း ၂၀၀၀ ကျော် တက်ရောက်နေတဲ့ ballroom ခန်းမ ထဲမှာတော့ ထရမ့်နဲ့ First Lady တို့ စင်မြင့်ပေါ်မှာ ဧည့်သည်တွေနဲ့ စကားပြောနေတုန်း အဝေးကနေ ကျယ်လောင်တဲ့ ပေါက်ကွဲ သံတွေကို ကြားလိုက်ရတဲ့ မြင်ကွင်းကို ဗီဒီယိုမှာ တွေ့ရပါတယ်။
သူတို့နှစ်ဦးစလုံး အခန်းထဲမှာ ဆူညံသံတွေ ဖြစ်လာတာကို သတိပြုမိပုံရပြီး လုံခြုံရေးတွေက စင်မြင့်ကနေ အမြန်ခေါ်ထုတ် သွားခဲ့သလို တချို့ဧည့်သည်တွေ ကလည်း စားပွဲတွေအောက် ပုန်းနေခဲ့ကြပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင် အတော်များများက လက်နက်တွေ ကိုင်ဆောင်ပြီး စင်မြင့်ဆီ ပြေးသွားကြသလို တက်ရောက်လာသူတွေကလည်း စားပွဲဝိုင်းတွေအောက်မှာ ငုံ့နေကြတာကို တွေ့ရပါတယ်။
အခန်းကို ခဏတာ ပိတ်ထားခဲ့ပြီးမှ ပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
တက်ရောက်လာသူတွေကို အခန်းထဲကနေ ခေါ်ထုတ်သွားခဲ့ပြီး လူအတော်များများကတော့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သတင်းပို့ဖို့ ကြိုးစားနေကြပါတယ်။
နောက်ပိုင်းမှာတော့ ထရမ့်က အင်္ကျီမပါတဲ့ လူတယောက် ကြမ်းပြင်မှာ လက်ထိတ်ခတ် ခံထားရပြီး သူ့ဘေးမှာ လုံခြုံရေးဝန်ထမ်းတွေ ဝိုင်းထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပါတယ်။
–
—————–
ဒီဖြစ်စဥ်ကြောင့် အိမ်ဖြူတော်ကို ပြန်သွားရတဲ့ ထရမ့်က ဖြစ်စဉ်ဖြစ်ပြီး တစ်နာရီလောက်အကြာမှာ အိမ်ဖြူတော်ကနေ စကားပြောကြားခဲ့ပါတယ်။
Washington Hilton ဟိုတယ်မှာ “အစွမ်းထက်” လက်နက်တခုနဲ့ လုံခြုံရေးတွေကို ဝင်တိုက်တဲ့ “စိတ်မနှံ့တဲ့လူ” တယောက်ကို ဖမ်းဆီးလိုက်နိုင်ပြီလို့ အိမ်ဖြူတော်မှာ ထရမ့်က ပြောပါတယ်။
ဒီဖြစ်စဉ်မှာ လုံခြုံရေးအရာရှိတဦး အနီးကပ် ပစ်ခတ်ခံခဲ့ရပေမဲ့ သူဝတ်ဆင်ထားတဲ့ ကျည်ကာ အင်္ကျီကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။
အဲဒီအရာရှိနဲ့ အခုလေးတင်ပဲ စကားပြောဖြစ်ခဲ့ပြီး သူက အဆင်ပြေပါတယ်လို့ သမ္မတက ပြောပါတယ်။
သူ့ရဲ့ စိတ်ဓာတ်က တက်ကြွနေပြီး ကျွန်တော်တို့က သူ့ကို ချစ်ခင်လေးစားကြောင်း ပြောခဲ့သလို သူကလည်း ဂုဏ်ယူစရာကောင်းတဲ့သူတယောက်ပါလို့ ထည့်ပြောသွားပါတယ်။
အခန်းထဲမှာ လုံးဝ စည်းလုံးညီညွတ်မှု”ရှိနေပြီး “အလွန်ချစ်ခင်မှုနဲ့ စုစည်းမှု” တွေ ရှိနေတယ်လို့ ထရမ့်က ဖော်ပြခဲ့ပါတယ်။
ပွဲကို ဆက်လုပ်ချင်ခဲ့ပေမဲ့ စည်းမျဉ်းအရ မဖြစ်နိုင်တော့ဘူးလို့ သူက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လက ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ္တလာမြို့မှာ ကျင်းပတဲ့ မဲဆွယ်ပွဲနဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ဖလော်ရီဒါပြည်နယ်၊ Palm Beach မှာ ဂေါက်ရိုက်နေတုန်း ဖြစ်ခဲ့တာတွေ အပါအဝင် သူ့ကို လုပ်ကြံဖို့ ကြိုးပမ်းခဲ့တဲ့ အရင်က ဖြစ်စဉ်နှစ်ခု အကြောင်းကိုလည်း သမ္မတက ပြန်ပြောပြခဲ့ပါတယ်။
ဒီလိုဖြစ်ရပ်မျိုး ကြုံရတိုင်း တုန်လှုပ်စရာကောင်းပြီး ဘယ်တော့မှ မရိုးနိုင်ဘူးလို့ ပြောရင်း First Lady မှာလည်း ဒီဖြစ်ရပ်ကြောင့် “စိတ်ထိခိုက်မှု အတော်လေး ဖြစ်သွားရတယ်” လို့ ထည့်ပြော ပါတယ်။
ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သတင်းဖော်ပြရာမှာ အလွန်တရာမှ တာဝန်ယူမှုရှိရှိ လုပ်ဆောင်ခဲ့ကြ တဲ့ မီဒီယာတွေကိုလည်း သမ္မတက ကျေးဇူးတင်စကား ဆိုပါတယ်။
–
#သံသယရှိသူ သေနတ်သမား ဘယ်သူလဲ
————————
ဖမ်းဆီးခံထားရတဲ့ သံသယရှိသူရဲ့ ဓာတ်ပုံနဲ့ လုံခြုံရေးကို ကျော်ဖြတ်ပြေးသွားတဲ့ သူရဲ့ ဗီဒီယိုဖိုင်တွေကို လူသိရှင်ကြား ဖြန့်ဝေဖို့ ညွှန်ကြားထားကြောင်းလည်း ထရမ့်က အတည်ပြုခဲ့ ပါတယ်။
အမေရိကန် မီဒီယာတွေကတော့ လုံခြုံရေး ဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး သံသယရှိသူဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ တော်ရန့်စ်မြို့က အသက် ၃၁ နှစ်အရွယ် Cole Tomas Allen ဆိုသူ ဖြစ်ကြောင်း ဖော်ပြနေကြပါတယ်။
သူဟာ ထရမ့်အစိုးရအဖွဲ့ အရာရှိတွေကို ပစ်ခတ်ချင်ခဲ့တာလို့ လုံခြုံရေး အရာရှိတွေကို ပြောကြားခဲ့ကြောင်း CBS သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။
ဝါရှင်တန်ဒီစီရဲ့ ရဲချုပ် Jeffery Carroll က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားရာမှာတော့ သေနတ်သမားဟာ ပွဲကျင်းပတဲ့ ဟိုတယ်မှာ တည်းခိုနေသူ တဦး ဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ “သေနတ်ရှည်တလက်၊ ပစ္စတိုတလက်နဲ့ ဓားမြှောင်အများအပြား”ကိုင်ဆောင်ထားကြောင်း Carroll က ပြောပါတယ်။
သေနတ်သမားနဲ့ ဆက်စပ်မှုရှိမယ်လို့ ယူဆရတဲ့ ကယ်လီဖိုးနီးယား လိပ်စာတခုကို FBI နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေနေတဲ့ ပုံတွေလည်း နောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။
သူဟာ တော်ရန့်စ်မြို့က C2 Education လို့ခေါ်တဲ့ ကျူရှင်သင်တန်း တခုမှာ အလုပ်လုပ်ခဲ့ကြောင်း လုံခြုံရေး သတင်းရင်းမြစ်နှစ်ခုက CBS ကို အတည်ပြုပေးခဲ့ပါတယ်။
CBS ရဲ့ အဆိုအရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းက အဲဒီသင်တန်းကနေ တလတာ အကောင်းဆုံး ဆရာ ဆုကိုတောင် ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
အခုချိန်ထိ အဲဒီကုမ္ပဏီမှာ အလုပ်လုပ်နေသေးလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါ။
တော်ရန့်စ် ပညာရေးခရိုင်ကတော့ Allen ဟာ သူတို့ဆီမှာ ဘယ်တုန်းကမှ အလုပ်လုပ်ခဲ့ဖူးခြင်း မရှိကြောင်း CBS ကို ပြောဆိုခဲ့ပါတယ်။
ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ် ကတော့ Allen ဟာ ၂၀၁၇ ခုနှစ်မှာ သူတို့ဆီက ဘွဲ့ရ ခဲ့သူ ဖြစ်ကြောင်း အီးမေးလ်ကနေ တဆင့် CBS ကို အတည်ပြုပေးခဲ့ပေမဲ့ အသေးစိတ်တော့ မပြောကြားခဲ့ပါ။
ဝါရှင်တန်ဆိုင်ရာ အမေရိကန် ရှေ့နေချုပ် Jeanine Pirro ကတော့ သံသယရှိသူကို အကြမ်းဖက်မှု ကျူးလွန်စဉ် အတွင်း လက်နက်ကိုင်ဆောင်မှုနဲ့ အန္တရာယ်ရှိတဲ့ လက်နက်ကိုင်ဆောင်ပြီး ဖက်ဒရယ် အရာရှိတွေကို တိုက်ခိုက်မှု ဆိုတဲ့ စွဲချက် နှစ်ခုနဲ့ တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။
တနင်္လာနေ့မှာတော့ ဖက်ဒရယ်တရားရုံးမှာ သူ့ကို တရားဝင် စွဲချက်တင်သွားမှာ ဖြစ်တယ်လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ref: bbc
—————————
THN Public Media
–
