ဖေဖေါ်ဝါရီ ၂၂ – ၂၀၂၆
အီရန်နိုင်ငံက တက္ကသိုလ်အတော်များများက ကျောင်းသားတွေဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေကြပါတယ်။
ဒါဟာ ပြီးခဲ့တဲ့လက အာဏာပိုင်တွေရဲ့ သွေးထွက်သံယို နှိမ်နင်းမှု ဖြစ်ပြီး နောက် အခုလောက် အင်အားကြီးတဲ့ ဆန္ဒပြပွဲတွေ ပထမဆုံး ပြန်ပေါ် လာတာ ဖြစ်ပါတယ်။
စနေနေ့တုန်းက မြို့တော်တီဟီရန်မှာရှိတဲ့ Sharif နည်းပညာ တက္ကသိုလ်ဝင်း ထဲမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ဆန္ဒပြသူတွေနဲ့ အစိုးရ ထောက်ခံသူတွေကြား ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။
တီဟီရန်က တက္ကသိုလ်တခု မှာလည်း ထိုင်သပိတ်ဆင်နွှဲခဲ့ သလို၊ အရှေ့မြောက်ပိုင်း မှာလည်း လူထု လှုပ်ရှားမှုတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။
ကျောင်းသားတွေဟာ ဇန်နဝါရီလ လူထု ဆန္ဒပြပွဲတွေတုန်းက အသတ်ခံခဲ့ရတဲ့ ထောင်ပေါင်းများစွာသော သူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ အခုလို လုပ်ဆောင်ကြတာပါ။
အမေရိကန်ကတော့ အီရန်နိုင်ငံအနီးမှာ သူတို့ရဲ့ စစ်အင်အားကို တိုးမြှင့် နေပြီး၊ သမ္မတ ဒေါ်နယ်ထရမ့် ကတော့ အကန့်အသတ်နဲ့ စစ်ရေးအရ တိုက်ခိုက်ဖို့ကို စဉ်းစားနေတယ်လို့ ပြောထားပါတယ်။
အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေကတော့ အီရန်ဟာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ကို ဦးတည် လုပ်ဆောင်နေတယ်လို့ သံသယ ရှိနေပြီး၊ အီရန်ကတော့ ဒါကို အမြဲတမ်းငြင်းဆိုနေပါတယ်။
အင်္ဂါနေ့တုန်း ကတော့ အမေရိကန်နဲ့ အီရန် အရာရှိတွေ ဆွစ်ဇာလန်မှာ တွေ့ဆုံခဲ့ကြပြီး၊ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်ဖို့ ဆွေးနွေးပွဲ တွေမှာ တိုးတက်မှုရှိတယ်လို့ ပြောခဲ့ကြပါတယ်။
—————————
THN Public Media
