နိုင်ငံတကာ

အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ စျာပန ရွှေ့ဆိုင်း

An Iraqi Shiites Muslim man holds the edge of a large image of of killed Iranian supreme leader Ayatollah Ali Khamenei, as he laments during a symbolic funeral the day after his assassination, in the district of Sadr City, in Baghdad on March 1, 2026. Iran’s supreme leader since 1989 and sworn enemy of the West, was killed in the opening salvo of a massive US and Israeli attack, sparking a new wave of retaliatory missile strikes from Tehran on March 1. (Photo by AHMAD AL-RUBAYE / AFP via Getty Images

မတ်လ ၅ – ၂၀၂၆

အမေရိကန်နဲ့ အစ္စရေး တပ်ဖွဲ့တွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွား နေတာကြောင့် ကွယ်လွန်သွားပြီဖြစ်တဲ့ အီရန် ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီရဲ့ ဈာပန အခမ်းအနားကို အီရန် အာဏာပိုင်တွေက ရွှေ့ဆိုင်း လိုက်ပါတယ်။

အသက် ၈၆ နှစ်အရွယ် ခေါင်းဆောင်ကြီးရဲ့ ဈာပနကို ဒေသစံတော်ချိန် မနေ့ ဗုဒ္ဓဟူးနေ့ည ၁၀ နာရီမှာ စတင်ဖို့ ရှိခဲ့တာပါ။

ဒါပေမဲ့ တီဟီရန်ပြည်နယ် အစ္စလာမ္မစ်ဝါဒ ဖြန့်ချိရေး ပူးပေါင်း ဆောင်ရွက်မှု ကောင်စီ အကြီးအကဲ ကတော့ ပိုသင့်တော်တဲ့အချိန် ရောက်မှသာ အခမ်း အနားကို ကျင်းပတော့မယ်လို့ ဆိုပါတယ်။

တီဟီရန်မြို့ ဝတ်ပြုဆုတောင်းပွဲ အဆောက်အအုံမှာ သုံးရက်ကြာ ကျင်းပမယ့် အဲဒီ အခမ်းအနားကို တက်ရောက်လိုသူ အများအပြား ရှိနေတာကြောင့် အခြေခံ အဆောက်အအုံတွေကို ပြင်ဆင်ဖို့ လိုအပ် နေတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ခါမေနီဟာ စနေနေ့က စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပထမလှိုင်း တိုက်ခိုက်မှုမှာတင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အီရန်ဘက် ကလည်း အစ္စရေးနဲ့ အမေရိကန် စစ်စခန်းတွေရှိတဲ့ ပင်လယ်ကွေ့ နိုင်ငံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ကတော့ သီရိလင်္ကာ ကမ်းလွန် အိန္ဒိယ သမုဒ္ဒရာထဲမှာ အီရန် စစ်သင်္ဘောတစီးကို အမေရိကန်ရေငုပ်သင်္ဘောက နှစ်မြှုပ် လိုက်တယ်လို့ အတည်ပြုပါတယ်။

“အဲဒီစစ်သင်္ဘောဟာ နိုင်ငံတကာ ရေပိုင်နက်ထဲမှာဆိုတော့ ဘေးကင်း မယ်လို့ ထင်နေတာ၊ ဒါပေမဲ့ တော်ပီဒိုနဲ့ အသံတိတ် အဆုံးသတ်ပေး လိုက်တယ်” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

နစ်မြုပ်သွားတဲ့ Iris Dena သင်္ဘောပေါ်က ရုပ်အလောင်း ၈၀ ကို ဆယ်ယူရရှိထားတယ်လို့ သီရိလင်္ကာ ကာကွယ်ရေးအတွင်းရေးမှူးက ဆိုပါတယ်။

လူပေါင်း ၃၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ ပေမဲ့ ဒါဇင်နဲ့ ချီတဲ့သူတွေ ပျောက်ဆုံး နေဆဲ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတပ်ဖွဲ့တွေဟာ ရက်ပိုင်းအတွင်းမှာပဲ အီရန်နိုင်ငံရဲ့ ဝေဟင် တခုလုံးကို စိုးမိုးနိုင်တော့မှာဖြစ်ပြီး မကြာခင်မှာ နိုင်ငံကို ထိန်းချုပ် နိုင်တော့မယ်လို့ Pete Hegseth က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ပြည်သူတွေကို မတရားတဲ့ စစ်ပွဲထဲ ဆွဲသွင်း နေတာဖြစ်တယ်လို့ အီရန် အမျိုးသား လုံခြုံရေး ကောင်စီအတွင်းရေးမှူး က ပြောပါတယ်။

ခါမေနီ လုပ်ကြံခံရပြီးနောက် အီရန်အစိုးရ ထောက်ခံသူတွေက တီဟီရန် လမ်းမတွေပေါ်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပေမဲ့၊ တစ်ဘက်မှာလည်း အစိုးရကို ဆန့်ကျင်သူတွေက ခါမေနီ သေဆုံးမှုကို လမ်းပေါ်ထွက် အောင်ပွဲ ခံနေကြတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့ပါတယ်။

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *