မတ်လ ၂၃ – ၂၀၂၆
သမ္မတ ထရမ့်က အီရန်စစ်ပွဲအဆုံးရေး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက် အီရန်ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ ပြောကြားလိုက် ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းက တိုက်ခိုက်မှု အပြီးတိုင် အဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ထရမ့်က ပြောကြား လိုက်တာ ဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲတွေရဲ့ ရလဒ်အနေနဲ့ အီရန် ဓာတ်အားပေး စက်ရုံတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတာကို ရွှေ့ဆိုင်းလိုက်တဲ့ အတွက် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ စျေးနှုန်းတွေဟာ ချက်ချင်းဆိုသလို ပြန်လည် ကျဆင်းသွားပါတယ်။
ဓာတ်အားပေး စက်ရုံတွေကို တိုက်ခိုက်မယ့် အစီအစဥ်ကို ၅ ရက်ကြာ ရွှေ့ဆိုင်းမှာဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ စနေနေ့ညက ထရမ့်ဟာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ အီရန်ကို ၄၈ နာရီ ရာဇသံပေးခဲ့ပြီး၊ အဲဒီလိုမှ မလုပ်ရင် အီရန်ရဲ့ ဓာတ်အားပေး စက်ရုံတွေကို အမြစ်ပြတ်ချေမှုန်းမယ် လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
#TruthSocial မှာ ထရမ့်က စာလုံးကြီးတွေနဲ့ ရေးသားထားရာမှာ
“ပြီးခဲ့တဲ့ နှစ်ရက်အတွင်း အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံတို့ဟာ အရှေ့အလယ်ပိုင်းက ရန်လိုမှုတွေကို အပြီးတိုင် အဆုံးသတ်ရေး အတွက် အလွန်ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တယ် ဆိုတာကို ကျွန်တော် ဝမ်းမြောက်စွာ အစီရင်ခံတင်ပြပါတယ်” လို့ ပါရှိ ပါတယ်။
“အခုတပတ်လုံး ဆက်လုပ်မယ့် ဒီလို လေးနက်ပြီး အသေးစိတ်ကျတဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေရဲ့ အခြေအနေအရ၊ အခုလက်ရှိ လုပ်နေတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အောင်မြင်မှု အပေါ် မူတည်ပြီး အီရန် ဓာတ်အားပေးစက်ရုံတွေနဲ့ စွမ်းအင်ကဏ္ဍတွေကို တိုက်ခိုက်မယ့် စစ်ရေး အစီအစဉ် အားလုံးကို ၅ ရက်ကြာ ရွှေ့ဆိုင်းဖို့ စစ်ဝန်ကြီးဌာနကို ကျွန်တော် ညွှန်ကြားထားပါတယ်” လို့ ရေးသားထားပါတယ်။
#အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC နဲ့ ဆက်စပ် နေတဲ့ Fars သတင်းဌာန ကတော့ အမည်မဖော်လိုတဲ့ အီရန် သတင်းရင်းမြစ် တခုကို ကိုးကားပြီး “ထရမ့်နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဘယ်လို အဆက်အသွယ်မှ မရှိခဲ့ဘူး” လို့ ဖော်ပြထားပါတယ်။
အဲဒီ သတင်းရင်းမြစ်က ပြောကြားရာမှာ ‘’အနောက်အာရှ (အရှေ့အလယ်ပိုင်း) မှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံ အားလုံးကို ကျွန်တော်တို့ ဘက်က ပြန်လည်ပစ်မှတ်ထားမယ် ဆိုတာကို ကြားသွား ပြီးတဲ့ နောက်မှာ သူ (ထရမ့်) နောက်ဆုတ်သွားတာဖြစ်တယ်” လို့ ဆိုပါတယ်။
သမ္မတ ထရမ့်ကတော့ ဆွေးနွေးပွဲတွေ အောင်မြင်နေတယ်လို့ ပြောနေပေမဲ့ အီရန်ဘက် ကတော့ ဒါကို ငြင်းဆိုထားပြီး သူတို့ရဲ့ ခြိမ်းခြောက်မှု ကြောင့် ထရမ့်က နောက်ဆုတ်သွားတာလို့ တန်ပြန် ဝါဒဖြန့်နေတာ ဖြစ်ပါတယ်။
—————————
