မေလ ၂ – ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အခြေအနေမှာ ရှိနေတာကြောင့် စစ်ပွဲအတွက် လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရယူဖို့ မလိုတော့ဘူးလို့ ကွန်ဂရက် လွှတ်တော်ကို ပြောကြားလိုက် ပါတယ်။
အမေရိကန်ဥပဒေ အရ သမ္မတဟာ စစ်ရေး ဆောင်ရွက်မှု လုပ်ခဲ့ရင် ရက်ပေါင်း ၆၀ အတွင်းမှာ လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရယူရမှာ ဖြစ်ပြီး မရရှိခဲ့ရင်တော့ အဲဒီစစ်ပွဲကို ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ သမ္မတထရမ့်က လွှတ်တော် ခေါင်းဆောင်တွေဆီ ပေးပို့တဲ့ စာထဲမှာတော့ ပြီးခဲ့တဲ့လက အီရန်နဲ့ ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကြောင့် အချိန် သတ်မှတ်ချက်ဟာ ရပ်တန့်သွားပြီ ဖြစ်လို့ ဒီဥပဒေကို လိုက်နာဖို့ မလိုတော့ဘူးလို့ ဆိုပါတယ်။
စစ်ပွဲအကြောင်း လွှတ်တော်ကို အကြောင်းကြားခဲ့တဲ့ ရက်ပေါင်း ၆၀ ပြည့်တဲ့ သောကြာနေ့မှာပဲ သမ္မတထရမ့်က ၂၀၂၆ ဧပြီလ ၇ ရက်နေ့က စလို့ အမေရိကန် တပ်ဖွဲ့တွေနဲ့ အီရန်အကြား ပစ်ခတ်မှုတွေ မရှိတော့ ဘူးလို့ လွှတ်တော်ဆီ စာရေးသားခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ စစ်ပွဲဟာ အခုတော့ ပြီးဆုံး သွားပြီလို့လည်း သူက ဆိုပါတယ်။
၁၉၇၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် ဥပဒေအရ သမ္မတ ဟာ စစ်တပ်ကို အသုံးပြုပြီး ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ဆီ ကနေ တရားဝင် စစ်ကြေညာချက် ဒါမှမဟုတ် သက်တမ်းတိုးခွင့် မရရင် စစ်ပွဲကို ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။
အီရန်ကိစ္စမှာ သမ္မတထရမ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့ လွှတ်တော် နှစ်ရပ်လုံးက ဒီမိုကရက်တွေရဲ့ ကြိုးပမ်းမှုတွေဟာ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ ရပါတယ်။
ရီပတ်ဘလစ်ကန် အမတ်အများစုက ဒီမိုကရက်တွေရဲ့ ကြိုးပမ်းမှုကို ဆန့်ကျင်ခဲ့ကြပေမဲ့ တချို့ကတော့ ရက်ပေါင်း ၆၀ ကျော်သွားရင် သူတို့ရဲ့ ရပ်တည်ချက်ကို ပြန်စဉ်းစား နိုင်တယ်လို့ အရိပ်အမြွက် ပြောထား ပါတယ်။
လွှတ်တော်ဆီ ကနေ ခွင့်ပြုချက်ယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတထရမ့် ကတော့ တခြားဘယ်နိုင်ငံကမှ ဒီလိုမျိုး မလုပ်ဘူးလို့ သတင်းထောက် တွေကို ပြောခဲ့ပါတယ်။
ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လုံးဝ မကိုက်ညီဘူးလို့ လူအများစုက ယူဆထားကြောင်းလည်း သူက ဆိုပါတယ်။
ဒါပေမဲ့ ထရမ့်အစိုးရရဲ့ ဒီလို ဥပဒေ အပေါ် အဓိပ္ပာယ်ဖွင့်တာ နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ တချို့က မေးခွန်းထုတ်နေကြပါတယ်။
Georgetown တက္ကသိုလ်က ဥပဒေပါမောက္ခ Heather Brandon-Smith ကတော့ အပစ်အခတ် ရပ်စဲရေး လုပ်ထားပေမဲ့ ဥပဒေ သတ်မှတ်ချက် အရ ဒီစစ်ပွဲဟာ ဆက်သွား နေတာ ဖြစ်တယ်လို့ ပြောပါတယ်။
‘’အပစ်ရပ်စဲတာဟာ ပဋိပက္ခ အပြီးတိုင် အဆုံးသတ်သွားတာ မဟုတ်ဘူး…’’ အပြီးတိုင် အဆုံးသတ်မှ ရက် ၆၀ သက်တမ်းကုန်တာ’’ လို့ ရှင်းပြပါတယ်။
တကယ်လို့ ထရမ့် အစိုးရက စစ်ပွဲကို ဆက်လက် ဆင်နွှဲနေမယ်ဆိုရင် ဒါကို တားဆီးဖို့ အတွက် တရားရုံး ဒါမှမဟုတ် လွှတ်တော်မှာပဲ နည်းလမ်း ရှိတော့မှာဖြစ်ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ ရေရှည်ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမှု တွေမှာ သဘောတူညီချက် မရသေးပေမဲ့ အီရန်အစိုးရပိုင် သတင်းဌာန IRNA ရဲ့ ဖော်ပြချက်အရ အမေရိကန်နဲ့ ဆွေးနွေးဖို့ အဆိုပြုချက်ကို ပါကစ္စတန် ကနေ တဆင့် ပေးပို့ ထားတယ်လို့ သိရပါတယ်။
ဒီအဆိုပြုချက်ရဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသလို အမေရိကန်ဆီကို တကယ် ရောက်မရောက် ဆိုတာလည်း ရှင်းရှင်း လင်းလင်း မရှိသေးပါ။
ref: bbc
—————————
THN Public Media
