War နိုင်ငံတကာ နိုင်ငံရေး

အီရန်ဘက်က သဘောမတူရင် အိပ်မက်ဆိုး ဖြစ်လိမ့်မယ်လို့ ထရမ့်သတိပေး၊ အိမ်ဖြူတော်မှာ သမ္မတထရမ့် ကက်ဘိနက် အစည်းအဝေးကျင်းပ

မတ်လ ၂၆ – ၂၀၂၆

ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ အီရန်စစ်ပွဲစတင် ကတည်းက ပထမဆုံးပြုလုပ်တဲ့ အိမ်ဖြူတော် ကက်ဘိနစ် အစည်းအဝေးမှာ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ စစ်ပွဲ အဆုံးသတ်ဖို့ သဘောတူညီချက်ကို ညှိနှိုင်းသင့်တယ်လို့ ထပ်လောင်းပြောဆိုလိုက်ပြီး တီဟီရန် ဘက်က ဆွေးနွေးပွဲ စားပွဲဝိုင်းကို ရောက်မလာဘူးဆိုရင် အမေရိကန် အနေနဲ့ ဆက်လက် ချေမှုန်းသွားမယ် လို့ သတိပေးလိုက်ပါတယ်။

ထရမ့်ရဲ့ မှတ်ချက်စကားတွေကြောင့် အမေရိကန်နဲ့ အီရန်အကြား ကြားခံနိုင်ငံတွေက တဆင့် လုပ်ဆောင်နေတဲ့ သွယ်ဝိုက် ဆွေးနွေးမှုတွေရဲ့ အခြေအနေ အပေါ် မေးခွန်း အသစ်တွေ ထွက်ပေါ် လာစေပါတယ်။

အီရန်ဟာ စစ်ပွဲ အဆုံးသတ်ဖို့ သဘောတူညီမှု ရယူချင်နေတယ်လို့ သမ္မတက ရက်အတော်ကြာ ပြောဆို နေသလိုမျိုး အခုလည်း ထပ်မံ အတည်ပြုပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အီရန်အရာရှိတွေ ကတော့ သူတို့နိုင်ငံဟာ အမေရိကန်နဲ့ ညှိနှိုင်းနေတာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့ကတော့ အီရန်ဟာ အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ပယ်ချခဲ့ပါတယ်။

အဲဒီ အစီအစဉ်မှာ အီရန်အစိုးရ အနေနဲ့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ဖို့နဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ကန့်သတ်ဖို့ တောင်းဆိုထားတယ်လို့ သတင်းထွက်နေတာပါ။

အခု ကက်ဘိနက် အစည်းအဝေးမှာ ထရန့်ရဲ့ အထူးသံတမန် Steve Witkoff က အမေရိကန်ဟာ အီရန်ထံ ၁၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို တင်ပြခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ အဆိုပြုချက်ရဲ့ အသေးစိတ်ကိုတော့ Steve Witkoff က ထုတ်ဖော်ပြောကြားခြင်း မရှိပါ။

ထရမ့်က အခုအချိန်မှာ ဘောလုံးဟာ အီရန်ဘက်မှာပဲ ရှိနေပြီ လို့ ပြောကြားခဲ့ပြီး တကယ်လို့ အပစ်အခတ် ရပ်စဲရေးကို သဘောမတူဘူးဆိုရင် အီရန်အစိုးရ အနေနဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေ ရင်ဆိုင် ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

“တကယ်လို့ သူတို့ သဘောမတူရင် ကျွန်တော်တို့ဟာ သူတို့အတွက် အဆိုးရွားဆုံး အိပ်မက်ဆိုးကြီး ဖြစ်လာပါလိမ့်မယ်” လို့ ထရမ့်က ပြောပါတယ်။

“ကျွန်တော်တို့ သူတို့ကို ဆက်ပြီး ချေမှုန်းသွားမှာပါ။ ဘာကမှ တားဆီးလို့ မရဘဲ အဟန့်အတားမရှိ ဆက်လုပ်သွားမှာပါ” လို့ ဆိုပါတယ်။

အမေရိကန်ဟာ အီရန်ရဲ့ ရေတပ်နဲ့ လေတပ်ကို အပြီးတိုင် ဖျက်ဆီး နိုင်ခဲ့ သလို၊ အီရန်ရဲ့ ဒုံးပစ်စင် ၉၀ ရာခိုင်နှုန်းနီးပါးနဲ့ ဒုံးကျည်တွေရဲ့ ၉၀ ရာခိုင်နှုန်း ကျော်ကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့ပြီလို့ ထရမ့်က ပြောကြားသွားပါတယ်။

ဒါပေမဲ့ အမေရိကန်အနေနဲ့ အီရန်ကို ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ဘယ်လို ခေါ်လာမလဲ ဆိုတာရယ်၊ လေးပတ်နီးပါးကြာ စစ်ပွဲကနေ အီရန်ရဲ့ တွက်ချက်မှုတွေကို မပြောင်းလဲနိုင်ခဲ့ရင် အခု တိုက်ခိုက်မှု အသစ်တွေကရော ပြောင်းလဲနိုင်မှာလား ဆိုတာ ကိုတော့ ထည့်သွင်း ပြောကြားခြင်း မရှိခဲ့ပါ။

—————————

Leave a Reply

Your email address will not be published. Required fields are marked *