မတ်လ ၁၅ – ၂၀၂၆
ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟားမတ်စ်အဖွဲ့က သူတို့ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အီရန်နိုင်ငံကို ပင်လယ်ကွေ့နိုင်ငံတွေ အပေါ် တိုက်ခိုက် နေတာတွေ ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဒါဟာ မဟာမိတ် အချင်းချင်းကြား ဖြစ်တောင့်ဖြစ်ခဲ တောင်းဆိုမှုမျိုးပါ။
အီရန်ရဲ့ ကျောထောက်နောက်ခံကို ရယူထားတဲ့ ဟားမတ်စ်က “အီရန်မှာရှိတဲ့ ညီအစ်ကိုတွေ အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး ရှောင်ကြဉ်ကြဖို့” တိုက်တွန်းခဲ့ပြီး၊ ဒေသတွင်း နိုင်ငံအားလုံးဟာ “ညီအစ်ကိုရင်းချာ စိတ်ဓာတ်ကို ထိန်းသိမ်းဖို့” ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တချိန်တည်းမှာပဲ ဂါဇာကို အုပ်ချုပ်နေတဲ့ ဟားမတ်စ် အဖွဲ့ဟာ အမေရိကန် နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ ခံနေရတဲ့ အီရန် အနေနဲ့ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ပိုင်ခွင့်ရှိတယ် ဆိုတာကိုလည်း အခိုင်အမာ ပြောကြားခဲ့ ပါတယ်။
အီရန်အာဏာပိုင်တွေ ကတော့ သူတို့ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေဟာ ပင်လယ်ကွေ့မြေပေါ်မှာရှိတဲ့ အမေရိကန် တပ်စခန်းတွေ ကိုသာ ပစ်မှတ် ထားတာ ဖြစ်ပြီး အိမ်နီးချင်းတွေကို ရည်ရွယ်တာ မဟုတ်ဘူးလို့ ဆိုပေမဲ့ တိုက်ခိုက်မှု အတော်များများဟာ အရပ်ဘက် အခြေခံ အဆောက် အအုံ တွေကို ထိမှန်နေတာ ဖြစ်ပါတယ်။
ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အလွန်အမင်း စိုးရိမ်ပူပန်မှု နဲ့ စောင့်ကြည့် နေတယ်လို့ ဟားမတ်စ်အဖွဲ့က စနေနေ့မှာ ပြောကြားခဲ့ ပါတယ်။
ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံအားလုံး အနေနဲ့ ဒီစစ်ပွဲကို ချက်ချင်း ရပ်တန့်နိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ကို လည်း တောင်းဆို ထားပါတယ်။
ဟားမတ်စ်ရဲ့ ဒီထုတ်ပြန်ချက် အပေါ် အီရန် ဘက်ကတော့ လူသိရှင်ကြား တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါ။
ပြီးခဲ့တဲ့ သီတင်းပတ်နှစ်ပတ် အတွင်း အီရန် ကနေ ဒရုန်းနဲ့ ဒုံးကျည် တွေနဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုဒဏ်ကို ပင်လယ်ကွေ့ အိမ်နီးချင်း နိုင်ငံအတော် များများ ခံစား ခဲ့ကြရပါတယ်။
အခုအချိန် အထိ ဒေသတွင်းမှာ အနည်းဆုံး လူပေါင်း ၁၈ ဦး သေဆုံးခဲ့ပြီး၊ အများစုဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ဖြစ်ကြပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု UAE မှာ ၆ ဦး၊ ကူဝိတ်မှာ ၆ ဦး သေဆုံးခဲ့ သလို၊ အိုမန်၊ ဆော်ဒီအာရေဗျနဲ့ ဘာရိန်းနိုင်ငံတွေမှာလည်း တနိုင်ငံကို ၂ ဦးစီ သေဆုံးခဲ့ကြောင်း သိရပါတယ်။
အီရန်ဟာ ဟားမတ်စ်အဖွဲ့ အတွက် ရန်ပုံငွေ၊ လက်နက်နဲ့ နိုင်ငံရေး အရ အကြီးမားဆုံး ကျောထောက်နောက်ခံ ပေးထားတဲ့ နိုင်ငံဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၈ စစ်ပွဲရဲ့ ပထမဆုံးနေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် အီရန်ခေါင်းဆောင်ကြီး အလီ ခါမေနီ သေဆုံးခဲ့ရမှုကိုလည်း ဟားမတ်စ်အဖွဲ့က ဆိုးရွားလှတဲ့ ရာဇဝတ်မှု အဖြစ် ပြင်းပြင်း ထန်ထန် ရှုတ်ချခဲ့ပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို တွန်းလှန်ဖို့ ဖွဲ့စည်းထားတဲ့ အီရန်ဦးဆောင်တဲ့ ခုခံရေးဝင်ရိုးတန်း Axis of Resistance အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
လတ်တလောမှာ အီရန်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ တူရကီနဲ့ ကာတာနိုင်ငံ တို့ဟာလည်း ဟားမတ်စ် အဖွဲ့ကို ငွေကြေးနဲ့ နိုင်ငံရေးအရ အကြီးအကျယ် ထောက်ပံ့ ပေးနေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ ဂါဇာကမ်းမြောင် ဒေသမှာ အစ္စရေးနဲ့ နှစ်နှစ်ကျော်ကြာ ပြင်းထန်တဲ့ စစ်ပွဲကို ဆင်နွှဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အမေရိကန်က ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ် ရပ်စဲရေး စတင်ခဲ့ပြီး၊ နောက်ဆက်တွဲ သဘောတူညီချက် တွေ အတွက် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အစ္စရေးနဲ့ ဟားမတ်စ် အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နေ့စဉ်နဲ့အမျှ ချိုးဖောက် နေတယ်လို့ တဘက်နဲ့ တဘက် အပြန်အလှန် စွပ်စွဲနေကြပါတယ်။
အပစ်အခတ်ရပ်စဲရေး စတင်ပြီး ကတည်းက ဂါဇာမှာ လူပေါင်း ၆၄၉ ဦး သေဆုံး ခဲ့တယ်လို့ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထား ပါတယ်။
—————————
THN Public Media
