နိုင်ငံတကာ

အီရန်ရဲ့ Kharg ကျွန်းပေါ်က ပစ်မှတ်တွေကို အမှုန့်ချေ တိုက်ခိုက်ပစ်လိုက်ပြီလို့ သမ္မတ ထရမ့်ပြော

မတ်လ ၁၄ – ၂၀၂၆

သမ္မတဒေါ်နယ်ထရမ့်က အီရန်ရဲ့ Kharg ကျွန်းပေါ်က စစ်ရေးပစ်မှတ်လားလုံးကို အမှုန့်ချေ တိုက်ခိုက်လိုက်ပြီလို့ မနေ့ သောကြာနေ့မှာ သူ့ရဲ့ Truth Social လူမှုကွန်ရက် ကနေ ရေးသား ဖော်ပြခဲ့ပါတယ်။

“အမေရိကန် ဗဟိုစစ်ဌာနချုပ်ဟာ အရှေ့အလယ်ပိုင်း သမိုင်းတလျှောက်မှာ အပြင်းထန်ဆုံး ဗုံးကြဲ တိုက်ခိုက်မှု တခုကို ဆောင်ရွက်ခဲ့ပြီး၊ အီရန်ရဲ့ ရတနာ တပါးဖြစ်တဲ့ Kharg ကျွန်းပေါ်က စစ်ဘက် ဆိုင်ရာ ပစ်မှတ် အားလုံးကို အစအန မကျန်အောင် ချေမှုန်း ဖျက်ဆီးပစ်လိုက်ပြီ” လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

“ကျွန်းပေါ်မှာရှိတဲ့ ရေနံဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ဖျက်ဆီးပစ်ဖို့တော့ ကျွန်တော် မရွေးချယ်ခဲ့ပါဘူး၊ ဒါပေမဲ့ အီရန် ဒါမှမဟုတ် တခြားဘယ်သူမဆို ဟော်မုဇ် ရေလက်ကြား အတွင်း သင်္ဘောတွေ လွတ်လပ် ဘေးကင်းစွာ သွားလာမှုကို အနှောင့်အယှက်ပေးမယ် ဆိုရင်တော့ ဒီဆုံးဖြတ်ချက်ကို ချက်ချင်း ပြန်လည်စဉ်းစားမှာဖြစ်တယ်” လို့ သူက ဆက်လက်ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အီရန်စစ်ဘက်က တုံ့ပြန်ရာမှာတော့ တကယ်လို့ သူတို့ရဲ့ စွမ်းအင် ဆိုင်ရာ အဆောက်အအုံတွေ တိုက်ခိုက်ခံရမယ် ဆိုရင် အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက် နေတဲ့ ကုမ္ပဏီတွေရဲ့ ရေနံနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို “ချက်ချင်းဖျက်ဆီးပြီး ပြာပုံ အတိ ဖြစ်အောင် လုပ်ပစ်မယ်” လို့ ပြောကြားသွား ကြောင်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြထား ပါတယ်။

အီရန်နိုင်ငံ ရေနံတင်ပို့မှုရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ အဲဒီ Kharg ကျွန်းကို ဖြတ်သန်း သွားတာ ဖြစ်လို့ ဒီကျွန်းဟာ အီရန် အစိုးရ အတွက် စီးပွားရေးအရ အလွန်အရေးပါတဲ့ အသက်သွေးကြော တခုလည်း ဖြစ်ပါတယ်။

ဒီကျွန်းမှာ ကြီးမားတဲ့ ရေနံသိုလှောင်ကန်ကြီးတွေနဲ့ ရေနံတင် သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းတွေ ရှိပါတယ်။

ဒီကျွန်းဟာ ပါရှန်းပင်လယ်ကွေ့ ထဲမှာ ရှိပြီး ကမ်းခြေကနေ ၁၅ မိုင်လောက်ပဲ ဝေးကာ ဟော်မုဇ် ရေလက်ကြား နဲ့လည်း အလွန်နီးတာကြောင့် စစ်ရေးအရရော စီးပွားရေး အရပါ အချက်အချာကျ ပါတယ်။

ရေနံတင်ပို့ရုံတင် မကဘဲ အီရန်စစ်တပ်ဟာ ဒီကျွန်းကို အခိုင်အမာ ခံစစ်ပြင်ထားပြီး ဒုံးကျည် ကာကွယ်ရေးစနစ်တွေ၊ ရေတပ် အခြေစိုက်စခန်းတွေနဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေကို ကျွန်းပေါ်မှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *