အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်၊ မနက်ပိုင်းက ဖမ်းဆီး ထိန်းသိမ်း လိုက်ပြီ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ စင်္ကာပူနိုင်ငံကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ဒီကနေ့ မနက် ၇ နာရီခွဲမှာ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။
“သူက လေယာဉ်ပေါ်ရောက်မှ ဖမ်းခံရတာ မဟုတ်ပါဘူး။ ဘိုရင်းခေါ်နေတဲ့ အချိန်မှာပဲ မိတာပါ။ လေယာဉ်ပေါ်ကို မရောက်သေးပါဘူး။ ပြီးတော့ သူက ရုပ်လည်း မဖျက်ထားပါဘူး။ ကွာတား ဘောင်းဘီနဲ့ ဦးထုပ်ပဲ ဆောင်းထားတာ။ လက်ရှိ ကတော့ မင်္ဂလာဒုံရဲစခန်းမှာ ထိန်းသိမ်းခံထား ရပါတယ်။ အမှု အခြေအနေကိုတော့ မသိရသေးပါဘူး” လို့ သူက ပြောပါတယ်။
သမီးဆိုး (ခ) သက်ကိုကိုဟာ နာမည်ကျော် အနုပညာရှင်တွေရဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အတွင်းရေးတွေကို လူမှုကွန်ရက်မှာ ဝေဖန် ပြောဆိုခဲ့ရာက လူသိများလာသူ ဖြစ်ပါတယ်။
လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သမီးဆိုး (ခ) သက်ကိုကို ဆိုသူ အမျိုးသမီးကို တိုင်ကြားခဲ့သူမှာ ဒေါ်အေသင်ကို ဆိုသူ အမျိုးသမီး ဖြစ်တယ်လို့ သိရပြီး အောက်တိုဘာ ၆ ရက်နေ့က ပြင်ဦးလွင် မြို့မရဲစခန်းမှာ (ပ)၂၁၅/၂၀၂၅၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် တိုင်ကြား ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်အေသင်ကိုရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း “၅-၁၀-၂၀၂၅ နေ့တွင် မြန်မာနိုင်ငံ တည်ဆဲ ဥပဒေနှင့် အညီ တရားဝင် အမှုတစ်ခု ဖွင့်ခဲ့ပြီး လုပ်ငန်းစဉ် အားလုံးကို ဥပဒေနှင့်အညီ တရားဝင်သာ အဆင့်ဆင့် လုပ်ဆောင်ထားသည့် အတွက် သက်ဆိုင်သည့် ဌာနများမှ ဥပဒေနှင့်အညီ ကူညီဆောင်ရွက် ပေးသည့် သက်ဆိုင်ရာဌာန အားလုံးအား ကျေးဇူးတင်ပါတယ်ရှင်” လို့ ရေးသားထားတာ တွေ့ရပါတယ်။
သမီးဆိုး (ခ) သက်ကိုကိုဟာ အမေရိကန်နိုင်ငံမှာ နေထိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေရာမှ ဒေါ်အေသင်ကိုက လူမှုကွန်ရက်ပေါ်မှာ သမီးဆိုး (ခ) သက်ကိုကိုက သူမ မိသားစု အပေါ် ပြောဆိုခဲ့တာ တွေအတွက် တွေ့ဆုံ ဖြေရှင်းဖို့ ပြောကြားခဲ့တာ တွေ့ရပါတယ်။
အဲဒီလို အမှုဖွင့်လိုက်ပြီး နောက်ပိုင်း ပြည်ပကို ပြန်လည် ထွက်ခွာဖို့ ရန်ကုန်လေဆိပ်ကို ရောက်လာ ချိန်မှာ ထိန်းသိမ်းလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လက်ရှိအချိန်အထိ တစုံတရာ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo – Shwe Thet (FB)
crd – VOM