ဇန်နဝါရီ ၂၁ – ၂၀၂၆
ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့ခေါင်းဆောင်တွေကို မိန့်ခွန်းပြောကြားရာမှာ ဥရောပဟာ “မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ဦးတည်မနေဘူး” လို့ စတင်ပြောကြားလိုက်ပါတယ်။
ထရမ့်က “ဥရောပကို ကျွန်တော် ချစ်ပါတယ်၊ ဥရောပကို ကောင်းစား စေချင်ပါတယ်၊ ဒါပေမဲ့ အခု ဥရောပဟာ လမ်းကြောင်းမှန်ပေါ်ကို ဦးတည်မနေဘူး၊ ကျွန်တော် ဥရောပကိုတောင် မမှတ်မိတော့ဘူး” လို့ လည်း ပြောကြားသွားပါတယ်။
သမ္မတ ထရမ့်ဟာ သူ့ရဲ့ မိန့်ခွန်းမှာ အမေရိကန် စီးပွားရေး ကောင်းမွန် နေတာတွေကို အဓိကထားပြီး ကြွားဝါ ပြောဆိုသွားခဲ့ ပါတယ်။
ကမ္ဘာ့ခေါင်းဆောင် အများအပြား ထရမ့်ရဲ့ မိန့်ခွန်းကို စိတ်ဝင်တစား နာထောင် နေကြရာ ထရမ့် က “အမေရိကန်ကလွဲလို့ တခြားဘယ်နိုင်ငံ ဒါမှမဟုတ် ဘယ်နိုင်ငံအုပ်စု ကမှ ဂရင်းလန်းကျွန်းကို လုံခြုံအောင် မကာကွယ်နိုင်ဘူး” လို့ ပြောကြားသွား ပါတယ်။
ဒါဟာ ဂရင်းလန်းအပေါ် ထားရှိတဲ့ ထရမ့်ရဲ့ မဟာဗျူဟာမြောက် အယူ အဆ ကို ပိုမို ခိုင်မာစေခဲ့ ပါတယ်။
အမေရိကန် သမ္မတတွေဟာ ဂရင်းလန်းကျွန်းကို ဝယ်ယူဖို့ ကြိုးပမ်း လာခဲ့တာ နှစ်ပေါင်း ၂၀၀ နီးပါး ရှိနေပြီလို့ ထရမ့်က ပြောကြားခဲ့ပါတယ်။
အဲ့ဒီကျွန်းပေါ်မှာ ဒိန်းမတ်နိုင်ငံရဲ့ “လက္ခဏာ တစုံတရာ မရှိဘူး” လို့ သမ္မတက ဆိုသလို၊ ဒိန်းမတ်ဟာ ဂရင်းလန်း အတွက် ကတိပေးထားတဲ့ ငွေကြေးထက် ပိုမို လျှော့နည်းပြီး သုံးစွဲနေတယ်လို့လည်း ပြောကြားခဲ့ ပါတယ်။
“ဒီလို ကြီးမားလှတဲ့ ကုန်းမြေထုကြီး၊ ဒီလို ကြီးမားလှတဲ့ ရေခဲပြင်ကြီးကို အမေရိကန် တနိုင်ငံတည်းကပဲ ကာကွယ်နိုင်တယ်၊ ဖွံ့ဖြိုးအောင် လုပ်နိုင်တယ်၊ တိုးတက်အောင် လုပ်ဆောင်နိုင်တယ်” လို့ သူက ဆိုပါတယ်။
ဒီအတွက်ကြောင့် ဒီနယ်မြေကို ရရှိဖို့အတွက် “ချက်ချင်း လက်ငင်း ဆွေးနွေး ညှိနှိုင်း မှုတွေ” လုပ်ဖို့ ထရမ့်က ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ ဂရင်းလန်းကျွန်း ကိစ္စဟာ အဓိက အရေးပါတဲ့ အကြောင်း အရာ ဖြစ်နေပြီး ဒီပြဿနာဟာ နေတိုး မဟာမိတ်အဖွဲ့ကို ပြိုကွဲသွားစေ နိုင်တဲ့ အထိ ဖြစ်လေမလားဆိုပြီး ခေါင်းဆောင်တွေက စိုးရိမ်မကင်း ဖြစ်နေ ကြပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ ကတော့ ဂရင်းလန်း ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတရဲ့ ဖိအားပေးမှုကို “အလျှော့ပေး မှာ မဟုတ်ဘူး” လို့ လန်ဒန်မှာရှိတဲ့ လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ ပါတယ်။
ထရမ့်က ဂရင်းလန်းကို သိမ်းယူမယ့် သူ့ရဲ့ အစီအစဉ်ကို ဆက်လက် ကန့်ကွက် နေတဲ့ ဥရောပ ၈ နိုင်ငံကနေ တင်သွင်းတဲ့ ကုန်စည်တွေအပေါ် ၁၀ ရာခိုင်နှုန်း အကောက်ခွန် တိုးမြှင့်မယ်လို့ အစောပိုင်းမှာ ခြိမ်းခြောက် ပြောဆိုထားပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ ပြင်သစ်သမ္မတ မက်ခရွန် က အီးယူ ဥရောပသမဂ္ဂ အနေနဲ့ “Trade Bazooka” လို့ ခေါ်တဲ့ ပြင်းထန်တဲ့ ကုန်သွယ်ရေး တုံ့ပြန်မှုတွေ အပါအဝင် လက်စားချေနိုင်မယ့် နည်းလမ်း မျိုးစုံကို စဉ်းစားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေကြားမှာ ကုန်သွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ တင်းမာမှုတွေ ပိုမို မြင့်တက်လာနေတာကို တွေ့ရပါတယ်။
—————————
THN Public Media
