နိုင်ငံရေး

ဦးခင်ရီ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ဖို့ အလားအလာရှိကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြ

ဖေဖေါ်ဝါရီ ၂၆ – ၂၀၂၆

ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ရဲချုပ်ဟောင်း ဦးခင်ရီဟာ အဓိကကျတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ဖို့ ရေပန်းစားနေတယ်လို့ ပါတီ သတင်းရင်းမြစ် ၃ ခုက ပြောကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြ ထားပါတယ်။

“ပါတီထဲမှာ အဆင့်မြင့် စစ်ဘက်အရာရှိဟောင်းတွေ ရှိနေတာကြောင့် သူတို့ရဲ့ အခန်းကဏ္ဍတွေကို နားလည်ထားတဲ့ ဦးခင်ရီအတွက်တော့ အမြင့်ဆုံးရနိုင်တဲ့ ရာထူးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပဲ ဖြစ်နိုင်ပါတယ်” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးတခု ကို တက်ရောက်ခဲ့သူ ၂ ဦး ရဲ့ အဆိုအရ ဦးခင်ရီ ဒုသမ္မတ လုပ်မလားလို့ အလွတ် သဘော အမေးခံရတဲ့အခါ လွှတ်တော်ရဲ့ အဓိက အခန်းကဏ္ဍ ကနေပဲ တာဝန်ယူမယ်လို့ ပြန်ဖြေခဲ့ကြောင်း သိရပါတယ်။

“ကျွန်တော်ကတော့ လွှတ်တော်တရပ်ရပ်ရဲ့ ဥပဒေပြုရေး ကဏ္ဍမှာ ဦးဆောင် ရလိမ့်မယ်လို့ ထင်ပါတယ်” ဆိုပြီး ဦးခင်ရီက အစည်းအဝေးမှာ ပြောခဲ့တယ်လို့ သတင်းရင်းမြစ်တခုက ဆိုပါတယ်။

မကြာသေးခင်က စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ ဥက္ကဌ ဦးခင်ရီရဲ့ ပြည်ခိုင်ဖြိုးပါတီက နေရာအများစု အနိုင်ရခဲ့တာ ဖြစ်ပြီး တကယ်လို့ ဦးခင်ရီ ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်လာရင်တော့ သမ္မတသစ် ရွေးကောက်တင်မြှောက်တာ အပါအဝင် ဥပဒေတွေ အတည်ပြုပြဌာန်းဖို့ နဲ့ ဘတ်ဂျက် ဆိုင်ရာ ကိစ္စရပ်တွေ အပြင် နိုင်ငံတော်ရဲ့ အဓိကကျတဲ့ ရာထူး ခန့်အပ်မှုတွေကို ကြီးကြပ်ရမှာ ဖြစ်ပါတယ်။

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ စစ်ကောင်စီဟာ ရှေ့လထဲ လွှတ်တော်အသစ် ခေါ်ယူပြီးနောက် တရားဝင် အာဏာလွှဲပြောင်းပေးမှာ ဖြစ်ပေမဲ့၊ ၂၀၁၀ ပြည့်နှစ်မှာ စစ်တပ်က ဖွဲ့စည်း ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ရွေးကောက်ပွဲ မှာ အပြတ်အသတ် နိုင်ခဲ့တာကြောင့် ထိပ်တန်းဗိုလ်ချုပ်ကြီးတွေဟာ နိုင်ငံရေးမှာ သြဇာလွှမ်းမိုးထားဆဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

စစ်ရေးပဋိပက္ခတွေ ကြီးမားနေချိန် မဲပေးသူကလည်း နည်းပြီး အတိုက်အခံ မရှိတဲ့ အတွက် USDP ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လွှတ်တော် နှစ်ရပ်စလုံးရဲ့ အမတ်နေရာ ၈၁ ရာခိုင်နှုန်းကို အနိုင်ရခဲ့ရာ လွှတ်တော်ဟာ စစ်တပ်ရဲ့ လက်အောက်ထဲ ရောက်သွားစေမှာ ဖြစ်ပါတယ်။

ဦးခင်ရီ နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက် အပေါ် USDP က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးဘူးလို့ ရိုက်တာမှာ ဖေါ်ပြထားပါတယ်။

Ref: Reuters

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *