THN Public Media Blog Sport ၂၀၀၂ ရှုံးကြွေးကို ပြန်ဆပ်တဲ့ ပြင်သစ်
Sport

၂၀၀၂ ရှုံးကြွေးကို ပြန်ဆပ်တဲ့ ပြင်သစ်

EAST RUTHERFORD, NEW JERSEY - JUNE 16: Kylian Mbappe' of France celebrates his goal during the FIFA World Cup 2026 Group I match between France and Senegal at New York New Jersey Stadium on June 16, 2026 in East Rutherford, New Jersey. (Photo by Image Photo Agency/Getty Images

ပြင်သစ် ၃ : ၁ ဆီနီဂေါ

ဇွန် ၁၆ – ၂၀၂၆

ကမ္ဘာ့ဖလား အုပ်စု I အဖွင့်ပွဲမှာ ပြင်သစ်က ဆီနီဂေါကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရပြီး ၃ မှတ် အပြည့်ရယူသွားပါတယ်။

ဒါဟာ ၂၀၀၂ ကမ္ဘာ့ဖလားတုန်းက အုပ်စုပွဲမှာ ဆီနီဂေါ က ပြင်သစ်ကို ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တဲ့ ရှုံးကြွေးကို ပြင်သစ်က ပြန်ဆပ်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။

#အစပိုင်း

——-

ပွဲအစပိုင်းမှာ အရှိန်တက်ဖို့ အနည်းငယ် အချိန်ယူခဲ့ရပေမဲ့ အရှိန်ရလာတဲ့ အခါမှာတော့ ပြင်သစ် အသင်းဟာ ဘာကြောင့် ကမ္ဘာ့ဖလား ရေပန်းအစားဆုံး ဖြစ်နေလဲဆိုတာကို သက်သေ ပြသွားခဲ့ ပါတယ်။

ဒုတိယပိုင်းမှာ ကီလီယန် အမ်ဘာပေ ရဲ့ သွင်းဂိုးနှစ်ဂိုး၊ ဘရက်ဒ်လေ ဘာကိုလာ ရဲ့ သွင်းဂိုးတဂိုး တို့နဲ့အတူ ခြေစွမ်းပြပြီး ဆီနီဂေါ အသင်းကို ၃-၁ ရလဒ်နဲ့ အနိုင်ယူခဲ့ကာ ၂၀၀၂ က အခုလို ကမ္ဘာ့ဖလား အုပ်စုပွဲမှာ ဆီနီဂေါကို ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကို ပြင်သစ်က ပြန်လည် ချေပလိုက်တာ လည်း ဖြစ်ပါတယ်။

အမှန်တော့ ပထမပိုင်းမှာ ပြင်သစ်အသင်း ကစားကွက် မတည်နိုင်ဘဲ ဘောလုံးတွေ ခဏခဏ ဆုံးရှုံးရသလို ကွင်းလယ် ကစားကွက်မှာလည်း အရေးနိမ့်ခဲ့လို့ ဆီနီဂေါက ပိုပြီး အခြေအနေ ကောင်းခဲ့ ပါတယ်။

ဆီနီဂေါ ဟာ ဦးဆောင်ဂိုးရဖို့ နှစ်ကြိမ်တိုင်တိုင် နီးစပ်ခဲ့ပါသေးတယ်၊ ပထမတကြိမ်က နီကိုးလပ်စ် ဂျက်ဆင် ရဲ့ မြေစိုက်ကန်ချက် ပြင်သစ်ဂိုးသမား ရဲ့ ရှေ့တိုင်ကိုထိပြီး ဂိုးသမားကိုယ်နဲ့ ပြန်တိုက်ကာ ကံကောင်းထောက်မစွာ ဘောလုံးက ဘေးထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယတကြိမ်ကတော့ ဆာဒီယို မာနေ ဖန်တီးပေးတာ ကနေ Ismaila Sarr က ဂိုးဧရိယာထဲ အပေါ် ထောင်ကန်မိသွားခဲ့တာပါ။

ရေသောက် နားနေချိန် အပြီးမှာတော့ ပြင်သစ်တို့ သိသိသာသာ ခြေစွမ်းတက်လာခဲ့ပါတယ်။

ဆီနီဂေါ ဂိုးသမား Edouard Mendy ဟာ မိုက်ကယ် အိုလစ်ဇ် နဲ့ အမ်ဘာပေ တို့ရဲ့ အန္တရာယ်ရှိတဲ့ ကန်ချက်တွေကို အသည်းအသန် လက်စွမ်းပြ ကာကွယ်ခဲ့ရပါတယ်။

အဲဒီနောက် အမ်ဘာပေ ဟာ ဂိုးဧရိယာထဲမှာ မာနေ ရဲ့ ဖျက်ထုတ်မှုကြောင့် လဲကျသွားခဲ့လို့ ပင်နယ်တီ ရပြီလို့ သေချာပေါက် ယူဆခဲ့ပါတယ်။ ဒါပေမဲ့ ကွင်းလယ်ဒိုင် အလီရီဇာ ဖာဂါနီ ကတော့ ကွင်းဘေးက မော်နီတာဆီ သွားရောက်စစ်ဆေးဖို့ အကြောင်းကြားခံရပြီး ကြည့်ရှုခဲ့ပြီးနောက်မှာ တောင် ပင်နယ်တီ မဟုတ်ဘူးလို့ ငြင်းပယ်ခဲ့တာပါ။

ပွဲချိန် ၆၆ မိနစ်မှာတော့ ပြင်သစ်တို့ စတင်အဖွင့်ဂိုး ရရှိခဲ့ပြီး အိုလစ်ဇ် ရဲ့ ဂိုးဧရိယာထဲကို လှလှပပ ဖောက်ထုတ်ပေးလိုက်တဲ့ ဘောကနေတဆင့် အမ်ဘာပေ က ဂိုးထဲကို ပိတ်သွင်းယူခဲ့ပါတယ်။

ပွဲပြီးခါနီး ၉ မိနစ် အလိုမှာတော့ လူစားဝင်လာတဲ့ ဘာကိုလာ က Adrien Rabiot ပို့လိုက်တဲ့ ဘောကို ဂိုးသမား မန်ဒီ ရဲ့ ခေါင်းပေါ်ကနေ မတင်ကာ ဂိုးသွင်းယူပြီး ပွဲကို အပြတ်ဖြတ်ခဲ့ပါတယ်။

ဆီနီဂေါအသင်းက Ibrahim Mbaye ရဲ့ အနီးကပ်ပြင်းထန်တဲ့ ကန်ချက်နဲ့ ဂိုးသမား မိဂ်နန် ကို ဖြတ်ကျော်ကာ ချေပဂိုးတဂိုး သွင်းပြီး ပြင်သစ်ကို အနည်းငယ် ခြောက်လှန့်နိုင်ခဲ့ပါသေးတယ်။

ဒါပေမဲ့ နောက်ဆုံးမှာတော့ အမ်ဘာပေ ကပဲ အဝေးကနေ ပြောင်မြောက်လှတဲ့ ကန်ချက်နဲ့အတူ ပွဲကို လှပစွာ အဆုံးသတ် စေခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version