ပြည်တွင်း

‘’၉၀ အထိ အန်တီနဲ့အတူတူ အလုပ်လုပ်ဖို့ အားတင်းထာတယ်’’ ဦးတိုးကြည် (NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင်) ပြန်လွတ်လာ

နိုဝင်ဘာ ၂၇ – ၂၀၂၅

NLD ပါတီရဲ့ ဗဟိုပြန်ကြားရေး ကော်မတီဝင် ဦးကြည်တိုးဟာ ဒီကနေ့ အင်းစိန်ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

‘’၉၀ အထိ အန်တီနဲ့အတူတူ အလုပ်လုပ်ဖို့ အားတင်းထာတယ်’’ လို့ ပြန်လွတ်လာတဲ့ ဦးကြည်တိုးက ထောင်အပြင်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

NLD ပါတီဝင် ဦးကြည်တိုးကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းက နေအိမ်မှာ ဖမ်းဆီးခံ လိုက်ရတာဖြစ်ပြီး လေးနှစ်ကျော်အကြာ ဒီကနေ့မှာတော့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာကာ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့လည်း သိရပါတယ်။

အကယ်ဒမီ ရုပ်ရှင် သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့အမျိုးသားဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးခန့်နိုင်လည်း အင်းစိန်ထောင်က လွတ်လာတဲ့ အထဲမှာ ပါဝင်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးခန့်နိုင်ကိုတော့ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၎င်းရဲ့ နေအိမ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်ကို ချီးမြှင့်ထားတဲ့ လူမှုထူးချွန်ဆု (ဒုတိယအဆင့်) ကို ပြန်လည် ရုပ်သိမ်းကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပြီးနောက် ၁၀ ရက်အကြာမှာ ၎င်းရဲ့ ခင်ပွန်းဖြစ်သူ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်ပြီး ဒီကနေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတာတာ ဖြစ်ပါတယ်။

အခုလို သူမရဲ့ အမျိုးသား ပြန်လည် လွတ်မြောက်လာတာနဲ့ ပတ်သက်လို့ သရုပ်ဆောင် ခိုင်သင်းကြည်က “မျှော်လင့်နေတဲ့ နေ့လေး ရောက်လာပါပြီ။ ဆုတောင်းလေး ပြည့်ခဲ့ပြီ။ မိသားစု ပြန်ဆုံပါပြီရှင်” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အသိပေး ရေးသားထားပါတယ်။

စစ်ကော်မရှင်ကနေ ပုဒ်မ ၅၀၅ – က နဲ့ ပြစ်ဒဏ်ကျခံနေရသူ တချို့ကို လွတ်ငြိမ်း ချမ်းသာခွင့် ပြန်လွှတ်ပေးနေရာ အင်းစိန်အကျဥ်းထောင် အပါအဝင် အကျဥ်းထောင် အသီးသီးက ဒီနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက စပြီး လွှတ်ပေး နေတာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်မှာ အင်းစိန် အကျဉ်းထောင်ကနေ ပုဒ်မ ၅၀၅-က နဲ့ အကျဉ်းချ ခံထားရသူ အမျိုးသား ၁၁၄ ယောက်၊ အမျိုးသမီး ၇၈ ယောက်၊ စုစုပေါင်း ၁၉၂ ယောက် ပြန်လည် လွတ်မြောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

အင်းစိန် အကျဥ်းထောင်အပြင် မန္တလေး အိုးဘိုအကျဥ်းထောင်မှလည်း အကျဉ်းကျခံထားရသူ ၂၆၅ ယောက် ပြန်လွှတ်ပေးမယ်လို့ ကြားသိရ ပါတယ်။

ဒါအပြင် ပဲခူးအကျဥ်းထောင်ကနေ အကျဥ်းသူ အကျဥ်းသား ၁၉ ယောက် ပြန်လွတ်လာသလို ပြည်ထောင်နဲ့ ပေါင်းတည်အကျဥ်းထောင်ကလည်း ၁၅ ယောက် ပြန်လွတ်လာတယ်လို့ သိရပါတယ်။

အဲဒီလိုပဲ မြိတ် အကျဥ်းထောင်ကနေ ခုနက်ပိုင်းမှာ အကျဥ်းသူ၊ အကျဥ်းသား ငါးယောက် ပြန်လည် လွတ်မြောက်လာတယ်လို့ စုံစမ်း သိရှိရပါတယ်။

“ပြည်ထောင်ကနေ နိုင်/ကျဥ်းတွေ ပြန်လွှတ်ပေးနေတာ မနေ့က ညပိုင်းက တည်းကပါ။ အိမ်ပြန်ရောက်နေကြပြီ။” လို့ ပြည်မြို့ ဒေသခံက ပြောပါတယ်။

ဒါပေမယ့် ပုဒ်မ ၅၀၅ (က) နဲ့ လွတ်မြောက်လာသူ တချို့ဟာ ၅၀ (ည) ပုဒ်မနဲ့ ထပ်မံ တရားစွဲခံနေရပြီး ပြန်လည် လွတ်မြောက်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

“၅၀၅ – က နဲ့ လွတ်ငြိမ်းပါပြီး အခု ၅၀ (ည) နဲ့ ထပ်စွဲပြီး ဖမ်းလိုက်လို့ ဘယ်လိုလုပ်ရမလဲ။ ကိုယ့်မှာ‌ ၀မ်းသာအားရ သွားကြိုနေတာ။ အခု အဲဒီလိုပြောလာတယ်” လို့ အင်းစိန် အကျဉ်းထောင်မှာ အကျဉ်းကျခံနေသူ တယောက်ရဲ့ မိသားစုဝင်က ပြောပါတယ်။

၅၀ (ည) ပုဒ်မကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မဖြစ်ပြီး အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပူးပေါင်း လုပ်ဆောင်တယ်လို့ စစ်ဆေး တွေ့ရှိရပါက အဲဒီပုဒ်မနဲ့ တရားစွဲဆိုနိုင်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်အမှတ်၊ ၁၀/၂၀၂၅ နဲ့ ၁၁/၂၀၂၅ အရ ၅၀၅-က နဲ့ ပြစ်ဏ်ကျခံရသူ ၃၀၈၅ ယောက်ကို ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်အမိန့် ပေးလိုက်တယ်လို့ မနေ့ နိုဝင်ဘာ ၂၆ ရက်၊ ညပိုင်းက သတင်း ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ၅၀၅-က နဲ့ စစ်ဆေးကြားနာဆဲ၊ အချုပ်နဲ့ နေရသူ ၅၅၈၀ ယောက်ကိုလည်း အမှုပိတ်သိမ်းကြောင်း ကြေငြာထားပါတယ်။

Photo – CJ

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *