မြန်မာ့ရော့ခ်ဂီတ လောကအတွက် သီချင်းပေါင်း များစွာ ရေးသားခဲ့သူ ဆရာ သော်ဒီဝေဟာ ဒီကနေ့ အောက်တိုဘာ ၁၆ ရက်၊ ညနေ ၄ နာရီခွဲမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ ဂီတအသိုင်းအဝိုင်းက သိရပါတယ်။
ဆရာသော်ဒီဝေဟာ နှလုံးရောဂါကြောင့် ဆေးကုသမှုခံယူရင်း ကွယ်လွန်ခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
ဆရာသော်ဒီဝေ ကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ ဂီတမှူး နိုင်ဇော်က “တေးရေးဆရာ ကိုသော်ဒီဝေ ပြင်ဦးလွင်က အောင်သစ္စာဆေးရုံမှာ ညနေ ၄ နာရီခွဲက ကွယ်လွန်သွားကြောင်း သိရလို့ ဝမ်းနည်းမိပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်။
ဆရာသော်ဒီဝေဟာ အဆိုတော် လေးဖြူနဲ့ အငဲတို့အတွက် အောင်မြင် ကျော်ကြားတဲ့ တေးသီချင်းပေါင်း များစွာကို ရေးစပ်ပေးခဲ့သူဖြစ်ပြီး အဆိုတော် လေးဖြူ သီဆိုထားတဲ့ “အလင်းရောင်” သီချင်းရဲ့ မူပိုင်ရှင် လည်း ဖြစ်ပါတယ်။
ဒါအပြင် ဆရာသော်ဒီဝေဟာ “ဝေချစ်ကို” အမည်နဲ့ ကဗျာ၊ စာပေတွေ ရေးသားခဲ့သလို ပန်းချီပေါင်း မြောက်များစွာကိုလည်း ရေးဆွဲခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာသော်ဒီဝေကို ၁၉၅၄ ခုနှစ်၊ မတ် ၁၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကြက်ဆူကန်ရွာမှာ မွေးဖွားခဲ့တာဖြစ်ပြီး အမည်ရင်း ကတော့ ကိုချစ်ဝေ ဖြစ်တယ်လို့ သိရပါတယ်။
၁၉၇၄ ခုနှစ်မှာ မိဘတွေ ကန့်ကွက်တဲ့ကြားက မန္တလေး ပန်းချီ၊ ပန်းပု အနုပညာကျောင်း ဝင်ခွင့်ကို ဖြေဆို၊ တက်ရောက်ခဲ့သူဖြစ်ကာ ပန်းချီရေးဖို့ နာမည်ရွေးတဲ့ အခါမှာတော့ ကျောင်းနာမည် ကိုချစ်ဝေကို ပြောင်းပြန် လှန်ပြီး ဝေချစ်ကို လို့ အမည်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
၁၉၇၇ ခုနှစ်၊ အသက် ၂၀ ၀န်းကျင် ပန်းချီ၊ ပန်းပုကျောင်း ပြီးတဲ့အခါ သက်တူရွယ်တူ သူငယ်ချင်း ပန်းချီမုတ်သုံနဲ့အတူ ဝါသနာပါတဲ့ ပန်းချီကို ရေးဖို့ ရန်ကုန်ကို ဆင်းခဲ့တာမှာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ခေတ်ပေါ် ကဗျာ ဂုရုကြီးတွေ ဖြစ်တဲ့ ဖော်ဝေး၊ မောင်ချောနွယ်၊ အောင်ချိမ့်၊ သုခမိန်လှိုင်၊ တေးရေး မောင်သစ်မင်းတို့နဲ့ အသိမိတ်ဆွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
၁၉၇၉ ဝန်းကျင်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ကို စတိတ်ရှိူး ပိုစတာရေးဖို့ ရောက်ရှိတဲ့ အခါမှာ ကိုတင်ကျော်ဦး ဆိုသူနဲ့တွေ့ဆုံခဲ့ပြီး Deep Purple ရဲ့ သီချင်းတွေ၊ Led Zeppelin pink Floyd ရော့ခ်ဂီတတွေကို နားထောင် ဖြစ်ပြီးတဲ့နောက် ကဗျာနဲ့ ရော့ခ်ဂီတ ပူးပေါင်းသွားကာ တေးရေး သော်ဒီဝေ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
ဟယ်ရီလင်းရဲ့ ပျောက်ဆုံးသွားမှာစိုး၊ အားလုံးပြန်ယူသွားပါ၊ ဒွိဟစိတ်များ၊ ကျောက်ခေတ်၏ နောက်ဆုံးနေ့၊ လေးဖြူရဲ့ အလင်းရောင်၊ အိပ်မက် မီးရထား၊ ကမ္ဘာကြီးက လုံးပြီး ဝိုင်းနေတော့၊ အငဲရဲ့ ဂန္တဝင်မြောက် အိမ်အပြန်၊ နေ့သစ်များအကြောင်း၊ လမ်းပြပါဦး၊ တခန်းရပ်ပြဇာတ်၊ ဖိုးကျော်ရဲ့ ငှက်တကောင် စတဲ့ သီချင်းတွေ အပါအဝင် သီချင်းပေါင်း များစွာကို ရေးဖွဲ့ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
Crd – VOM