ပြင်သစ်နိုင်ငံ မြို့တော် ပါရီ က ကမ္ဘာကျော် Louvre Museum လုဗ်ပြတိုက် မှာ နပိုလီယံ ရတနာတွေ အပါအဝင် အဖိုးမဖြတ်နိုင်တဲ့ လက်ဝတ် ရတနာတွေ မနေ့ တနင်္ဂနွေနေ့က အခိုးခံလိုက်ရပါတယ်။
တနင်္ဂနွေ မနက်ပိုင်းမှာ အခိုးခံလိုက်ရတာ ဖြစ်ပြီး အဖိုးမဖြတ်နိုင်တဲ့ ရတာနာတွေ ပါသွားတဲ့အတွက် ခိုးယူသွားတဲ့ သူခိုးဂိုဏ်းကို လိုက် လံ ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။
မျက်နှာဖုံးထားတဲ့ သူတွေဟာ အများပြည်သူကြည့်ဖို့ မနက်ပိုင်း ပြတိုက်ဖွင့်ချိန် ပြတိုက်ဘေး ပထမထပ်ကို ကားမှာတပ်ထားတဲ့ စက်လှေကား နဲ့ တက်ရောက်ပြီး ပြူတင်းပေါက်ကို ချိုးဖျက်ကာ ဝင်ရောက်ခိုးယူခဲ့တာ ဖြစ်တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး Laurent Nuñez က ပြောပါတယ်။
အချိန်အားဖြင့် မိနစ်ပိုင်းသာ ကြာခဲ့ပြီး ရတနာတွေ ယူကာ မော်တော် ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားခဲ့ ကြတာဖြစ်ပါတယ်။
သူခိုးတွေဟာ ပြင်သစ် ဘုရင့်ရတနာ တွေ ထားတဲ့ ပြခန်းကို အဓိကထား ဝင်ရောက်ခိုးယူတာ ဖြစ်ပြီး ရတနာပစ္စည်း ကိုးမျိုး ပါသွားကြောင်း တာဝန်ရှိသူများက ပြောပါတယ်။
တတိယမြောက် နပိုလီယံ ရဲ့ ကြင်ယာတော် ပိုင်ဆိုင်တဲ့ သရဖူ တခု ကိုတော့ ပြတိုက်အနီးမှာ ပြန်လည်တွေ့ရှိခဲ့ရာ ပြုတ်ကျ ကျန်ခဲ့တာ ဖြစ်ပုံရပါတယ်။
အခိုးခံရပြီးနောက် လုဗ်ပြတိုက်မှာ ဝင်ရောက်ကြည့်ရှုနေတဲ့ အများပြည်သူ ကို ပြန်ထွက်စေခဲ့ပြီး တနင်္ဂနွေနေ့ တနေ့လုံး ပြတိုက်ကို ပိတ်ထားခဲ့ ပါတယ်။
ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ လက်ဝတ် ရတနာ တွေကို Galeria d’Apollon အပိုလို ပြခန်း ကနေ ဒေသစံတော်ချိန် မနက် ၉:၃၀ လောက်မှာ ခိုးယူသွား တယ်လို့ သိရပါတယ်။
သူခိုးတွေဟာ အဆောက်အအုံထဲကို ဝင်ဖို့ အတွက် ဘက်ထရီတပ် ဖြတ်စက်တွေ ကို အသုံးပြုခဲ့တယ်လို့ ပဲရစ် ရှေ့နေတွေက ပြောပါတယ်။
ဒီခိုးယူမှုမှာ လူလေးဦး ပါဝင်ပြီး၊ နှစ်ဦးက အဆောက်အအုံ အတွင်း ဝင်ရောက်ကာ လုံခြုံရေးတွေကို ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
သူခိုးတွေဟာ ပြန်အထွက်မှာ စက်လှေကားတပ် သူတို့ ကားကို မီးရှို့ဖို့ ကြိုးပမ်း ခဲ့ပေမယ့် ပြတိုက်ဝန်ထမ်းတစ်ဦးက တားဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ပြခန်းမှ ခိုးယူခံရတဲ့ ရတနာ ပစ္စည်း ကိုးမျိုး စလုံးဟာ ပြင်သစ်ရဲ့ ၁၉ ရာစု ဘုရင်ခေတ်က လက်ရာတွေဖြစ်ပြီး စိန်တွေနဲ့ တခြားအဖိုးတန် ကျောက်မျက် ရတနာ ထောင်ပေါင်းများစွာ စီခြယ်ထားတာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ တတိယမြောက် နပိုလီယံ ရဲ့ ကြင်ယာတော် ဧကရီ ယူဂျင်နီ Empress Eugénie ပိုင်ခဲ့ဖူးတဲ့ ရင်ထိုး တခုနဲ့ မြကျောက် နားဆွဲတရံ တို့ ပါဝင်ပါတယ်။
ဧကရီ ယူဂျင်နီ ရဲ့ သရဖူကိုတော့ အခင်းဖြစ်ပွားရာ အနီးမှာ ပြန်တွေ့ရတဲ့ အတွက် သူခိုးတွေ အလျင်စလို ထွက်ပြေးတဲ့ အချိန် ပြုတ်ကျကျန်ခဲ့တာ ဖြစ်နိုင်ပါတယ်။
အဲဒီသရဖူမှာ ရွှေလင်းယုန်ရုပ်တွေ ပါရှိပြီး စိန် ၁၃၅၄ လုံးနဲ့ မြကျောက် ၅၆ လုံး စီခြယ်ထားပါတယ်။
ဒီရတနာ ပစ္စည်းတွေဟာ ငွေကြေးတန်ဖိုးထက် သမိုင်းဆိုင်ရာ အဖိုးမဖြတ် နိုင်တဲ့ အမွေအနှစ်တွေ ဖြစ်ကြပါတယ်။
ကမ္ဘာပေါ်မှာ ဧည့်သည်အများဆုံး လာရောက်တဲ့ လုဗ် ပြတိုက်မှာ လီယိုနာဒို ဒါဗင်ချီ ရဲ့ မိုနာလီဆာ ပန်းချီကား လည်း ပြသထးတာ ဖြစ်ပါ တယ်။
ref: bbc
Photo: LOUVRE MUSEUM , getty