အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင်ပင်း တို့ ခြောက်နှစ် အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရာ ကမ္ဘာ့အကြီးဆုံး စီးပွားရေး နိုင်ငံနှစ်ခု အကြား တင်းမာမှုတွေ လျော့ကျသွားရေး မျှော်လင့်ချက် တွေ ပေါ်ထွက်ခဲ့ပါတယ်။
တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲကို ထရမ့်က “အံ့မခန်း” လို့ ဖော်ပြခဲ့ပြီး၊ တရုတ်အစိုးရ ဘေဂျင်းကတော့ “အဓိက ကုန်သွယ်ရေး ကိစ္စရပ်တွေ” ကို ဖြေရှင်းဖို့ သဘောတူညီမှု ရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ထရမ့်က တရုတ်အပေါ် အခွန်တွေ စတင် စည်းကြပ်ခဲ့တဲ့ အချိန်က စလို့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာနေခဲ့ပြီး ဘေဂျင်းကလည်း ပြန်လည် အခွန်စည်းကြပ် တိုးမြှင့် တုံ့ပြန်ခဲ့ပါတယ်။
မေလမှာ သဘောတူ မှု တခု ရရှိခဲ့ပေမယ့် တင်းမာမှုတွေ မြင့်မား နေဆဲ ဖြစ်ပါတယ်။
ဒီကနေ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေဟာ တရားဝင် သဘောတူညီချက် မရခဲ့ပေမယ့် ထုတ်ပြန် ကြေညာချက်တွေ မှာတော့ သဘောတူညီချက် ရရှိဖို့ ပိုမိုနီးစပ် လာပြီ ဖြစ်တယ်လို့ ဖေါ်ပြ နေကြ ပါတယ်။
ကုန်သွယ်ရေး သဘောတူညီချက်တွေ ဆိုတာ ပုံမှန်အားဖြင့် နှစ်ပေါင်း များစွာ အချိန်ယူရလေ့ ရှိပေမယ့် ကမ္ဘာတဝန်းရှိ နိုင်ငံများတွေဟာ လက်ရှိ ထရမ့်အစိုးရနဲ့ အတူ ကွဲပြားမှုတွေကို လအနည်းငယ်အတွင်း ဖြေရှင်းဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
ထရမ့်အတွက် အဓိကအောင်မြင်မှု တခု ကတော့ စမတ်ဖုန်း ကနေ တိုက်လေယာဉ်တွေ အထိ ထုတ်လုပ်ရာမှာ အရေးပါတဲ့ မြေရှား သတ္တု အပေါ် တရုတ်နိုင်ငံက ချမှတ်ထားတဲ့ ပို့ကုန် ထိန်းချုပ်မှု အစီအမံတွေကို ဆိုင်းငံ့ဖို့ သဘောတူခဲ့ခြင်း ဖြစ်ပါတယ်။
ရွှင်လန်းနေတဲ့ သမ္မတ ထရမ့်ဟာ တောင်ကိုရီးယားကနေ ဝါရှင်တန်ကို အပြန် လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောကြားရာမှာ တရုတ်နိုင်ငံ အနေနဲ့ “မယုံနိုင်လောက်အောင် များပြားတဲ့ ပဲပိစပ်နဲ့ တခြား စိုက်ပျိုးရေး ထွက်ကုန်တွေ” ကို ချက်ချင်း ဝယ်ယူဖို့ သဘောတူခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဘေဂျင်းက အမေရိကန် ပဲပိစပ်အပေါ် လက်တုံ့ပြန် အခွန်တွေ ချမှတ် ခဲ့တာကြောင့် အမေရိကန်ရဲ့ တင်သွင်းမှုကို ထိရောက်စွာ ရပ်တန့်စေခဲ့ပြီး ထရမ့်ကို မဲပေးခဲ့ကြတဲ့ အင်အားစုဖြစ်တဲ့ အမေရိကန် တောင်သူ လယ်သမား တွေကို ထိခိုက်စေခဲ့တာပါ။
တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုကို ဖန်တနိုင်း ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ စီးဆင်းမှု အပေါ် အမေရိကန်က တရုတ်အပေါ် ကောက်ခံထားတဲ့ အခွန် တချို့ကို ရုပ်သိမ်း ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ဟာ မူးယစ်ဆေးဝါးကို နှိမ်နင်းဖို့ ပျက်ကွက် တယ်လို့ ယူဆတဲ့ ထိပ်တန်း မိတ်ဖက် ကုန်သွယ် နိုင်ငံတွေ အပေါ် ပြင်းထန်တဲ့ အခွန်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း တခြား သွင်းကုန် အခွန်တွေ ဒီအတိုင်း ဆက်လက် တည်ရှိနေမယ်လို့ ယူဆရပါတယ်။
ထရမ့်ရဲ့ အဆိုအရ တရုတ်အစိုးရဟာ အမေရိကန်နည်းပညာကုမ္ပဏီ Nvidia ရဲ့ အကြီးအကဲ Jensen Huang နဲ့ စကားပြောဆိုခွင့် ရရှိမယ်လို့ ဆိုပါတယ်။
တရုတ်က Nvidia က ထုတ်လုပ်တဲ့ အဆင့်မြင့် ချစ်ပ်တွေ လိုအပ် နေပေမယ့် အမေရိကန် အစိုးရက နိုင်ငံတော် လုံခြုံရေးကို အကြောင်းပြပြီး တရုတ်ရဲ့ ဝယ်ယူ သုံးစွဲမှုကို ကန့်သတ် လိုနေတာ ဖြစ်ပါတယ်။
Nvidia ကုမ္ပဏီဟာ နှစ်နိုင်ငံ AI ချစ်ပ် ဆိုင်ရာ တိုက်ပွဲရဲ့ ဗဟိုချက်မှာ ရှိနေပါတယ်။
ဒါ့အပြင် ဘေဂျင်းက ထရမ့်ကို ဧပြီလမှာ တရုတ်နိုင်ငံကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပြီး၊ ဒါဟာ ဆက်ဆံရေး တိုးတက်လာတဲ့ နောက်ထပ် လက္ခဏာ တခု ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အပြင်က ကြည့်ရင် ငြိမ်သက်နေတဲ့ အသွင် ရှိပေမယ့် အတွင်းပိုင်း မှာတော့ ထရမ့် အတွက်တော့ ရှီကျင်ပင်းနဲ့ တွေ့ရတာဟာ (လက်ဆောင်တွေ ချီးကျူးမှုတွေ ဂုဏ်ပြုတပ်ဖွဲ့တွေ မပါဘဲ လေဆိပ်နောက်ဘက်က အဆောက်အဦး တခုအတွင်း) အာရှခရီးစဥ်ရဲ့ အရေးကြီးဆုံး တနာရီနဲ့ မိနစ် ၂၀ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
သမ္မတရှီ နဲ့ တွေ့ဆုံဆွေးနွေး အပြီး ထရမ့်ဟာ တခါတည်း ဝါရှင်တန်ကို Air Force One လေယာဥ်နဲ့ ပြန်လာခဲ့တာဖြစ်ပါတယ်။
Ref: bbc
—————————
THN Public Media
