ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာ နေစိုးမောင် ကို မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ နိုဝင်ဘာ ၆ ရက်မှာ ထပ်မံ အမှုဖွင့်လိုက် တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရ ပါတယ်။
ဒေါက်တာနေစိုးမောင်ကို ဒီနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ အတွင်းက လက်ကျန် အမှုတွေ စစ်ဆေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်မြို့က အင်းစိန် အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာ ပြည်ကြီးတံခွန် မြို့နယ် ရဲစခန်းက ထပ်တိုး အမှုဖွင့်တာကြောင့် အမှုရင်ဆိုင်ဖို့ အိုးဘိုထောင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာ ပြန်လည် ပြောင်းရွှေ့ ထားပြီး ပုဒ်မ ၆၆ (ဃ) အတွက် ထောင်တွင်း တရားရုံးမှာ ဆက်လက် စစ်ဆေး နေတယ်လို့ သိရပါတယ်။
“အခုထိတော့ ၆၆ (ဃ) နဲ့က အမှု ရင်ဆိုင်နေတုန်းပါ။ အခြေအနေ မထူး သေး ပါဘူး။ သူ့ကို အရင် စဖမ်းစဉ်တုန်းက ၅၀၅ အပါ၊ ပုဒ်မ လေးခုနဲ့ စွဲထားတာ ရှိတယ်။ ဒါပေမယ့် ၅၀၅ နဲ့ပဲ ပြစ်ဒဏ် ချထားတယ်။ ကျန်တဲ့ ပုဒ်မတွေ ရှိနေသေးတယ်။ အကဖ (အကြမ်းဖက်) ပုဒ်မလည်း ပါတယ်” လို့ တရားရုံးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
ဒေါက်တာနေစိုးမောင်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် နေ့က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၂ (က)၊ ၁၂၄ (က)၊ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၃၃ (က) တို့နဲ့ အမှုဖွင့် ထားကာ ပုဒ်မ ၅၀၅ (က) အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် အမိန့်ချမှတ် ခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာနေစိုးမောင်ဟာ တပ်မတော် ဆေးတပ်မှာ ဗိုလ်မှူးကြီးအဆင့်နဲ့ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး အငြိမ်းစားယူခဲ့ပြီးနောက် ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်မှာ ပါမောက္ခချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ကာ နေရွှေသွေးအောင်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
ဒါအပြင် ဒေါက်တာနေစိုးမောင်ရဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်တင်စိန် ဟာလည်း ဦးနေဝင်း လက်ထက်မှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးနဲ့ ဒုကာကွယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကာ၊ ဗိုလ်ချုပ် ရာထူးနဲ့ အငြိမ်းစားယူပြီးနောက် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
ဒေါက်တာနေစိုးမောင်ဟာ အဖမ်းမခံရခင် အချိန်အထိ လူမှုကူညီရေး လုပ်ငန်းတွေနဲ့ အခမဲ့ ဆေးကုသပေးတာတွေကို နိုင်ငံတဝန်း သွားလာကူညီ လုပ်ဆောင်ပေးနေသူ ဖြစ်ပါတယ်။
လက်ရှိမှာ ဒေါက်တာ နေစိုးမောင်အပြင် ပြန်ကြားရေး ဝန်ကြီးဟောင်း ဖြစ်သူ ဦးရဲထွဋ်ဟာလည်း အစိုးရကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၄- က နဲ့ ထောင်ဒဏ် ခုနစ်နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ် သုံးနှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
Photo – CJ
Crd – VOM
—————————
THN Public Media
