မိုးလေဝသ

တိုင်ဖုန်း ‘’ဖန်ဝန်း’’ ဖိလစ်ပိုင်ကို ဝင်ရောက် အနည်းဆုံး ၂ ဦး သေဆုံး

နိုဝင်ဘာ ၉ – ၂၀၂၅

ဖိလစ်ပိုင် အလယ်ပိုင်းနဲ့ မြောက်ပိုင်းကို စူပါတိုင်ဖုန်း ဖြစ်တဲ့ ဖန်ဝန်း ဝင်ရောက် တိုက်ခတ်နေပြီ ဖြစ်ရာ အနည်းဆုံး လူ ၂ ဦး သေဆုံး ခဲ့တယ်လို့ သိရ ပါတယ်။

Catanduanes မှာ လူတဦး ရေနစ်သေဆုံးခဲ့တာ ဖြစ်ပြီး Catbalogan မြို့မှာတော့ ပြိုကျသွားတဲ့ အိမ်အပျက်အစီးတွေ အောက်ကနေ ပိတ်မိ နေတဲ့ အမျိုးသမီးတဦးရဲ့ ရုပ်အလောင်းကို မီးသတ်သမားတွေက ဆယ်ယူ ခဲ့တာ ဖြစ်ပါတယ်။

လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်နေပြီး လူပေါင်း တသန်းလောက်ကို ဘေးလွတ်ရာသို့ တင်ကြို ပြောင်းရွှေ့ထားပါတယ်။

အန္တရာယ်ကြီးတဲ့ အမြင့် ၁၀ ပေ ကျော် ရှိတဲ့ မုန်တိုင်းဒီလှိုင်းတွေ ဖြစ်ပေါ် လာနိုင်ခြေ မြင့်မားကြောင်း သတိပေးထားပါတယ်။

Bicol ဒေသမှာ နေရာအတော်များများ လျှပ်စစ်ဓာတ်အား ပြတ်တောက် နေပြီး အကြီးဆုံးကျွန်းဖြစ်တဲ့ လူဇွန် ကျွန်းဟာ အဆိုးဝါးဆုံး ထိခိုက်မှု ရှိမယ်လို့ တွက်ဆထားပါတယ်။

အခု မုန်တိုင်းဟာ ဖိလစ်ပိုင်ကို ၂၀၂၅ မှာ ၂၁ ခုမြောက် ဝင်ရောက်တဲ့ မုန်တိုင်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်ဟာ နှစ်စဥ် ပျမ်းမျှ မုန်တိုင်း ၂၀ လောက် ဝင်ရောက်လေ့ ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

အခု ဝင်ရောက်နေတဲ့ ဖန်ဝန်း တိုင်ဖုန်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီ ၁၁၅ မိုင် ကနေ တနာရီ ၁၄၀ မိုင် အထိ ရှိနေကြောင်း အာဏာပိုင်တွေက မှတ်တမ်း တင်ထားကြောင်း ပြောပါတယ်။

ရဲတပ်ဖွဲ့၊ စစ်သား၊ မီးသတ် သမားတွေနဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေကို နေရာ ပြောင်းရွှေ့မှု၊ အကူအညီပေးဖို့နဲ့ ဘေးအန္တရာယ် တုံ့ပြန်ရေး လုပ်ငန်း တွေ အတွက် ကူညီဆောင်ရွက်ဖို့ ချထားပါတယ်။

အခုမုန်တိုင်း မတိုင်ခင် မပြီးခဲ့တဲ့ သတင်းပတ်က ခါမာဂီ မုန်တိုင်း တုန်းကတော့ ဖိလစ်ပိုင်မှာ လူ ၂၂၄ ဦး၊ ဗီယက်နမ်မှာ ၅ ဦး သေဆုံးခဲ့ရ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *