ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ် က တရားရုံး တခု အပြင်ဘက် မှာ ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံး ခဲ့ပြီး အနည်းဆုံး ၂၇ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ဗုံးခွဲသမားဟာ ခရိုင်တရားရုံးကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် အဆောက် အအုံ ထဲကို မဝင်နိုင်ခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီး Mohsin Naqvi က ပြောပါတယ်။
အသေခံသမားဟာ ၁၅ မိနစ်အထိ စောင့်ဆိုင်းပြီးနောက် ရဲကားတစီးအနီး မှာ ဗုံးကို ဖောက်ခွဲခဲ့ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားပါတယ်။
ပါကစ္စတန် ဒေသစံတော်ချိန် ၁၂:၃၉ နာရီ လောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီအသေခံ ဗုံးခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးဘဲ၊ အာဏာပိုင်တွေက ဗုံးခွဲသမား ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာ ဖော်ထုတ်ဖို့ ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်ပြီး ပါဝင် ပတ်သက်သူတွေကို တရားမျှတမှု ရရှိအောင် ဆောင်ရွက်မယ်လို့ Mohsin Naqvi က ပြောပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘာ့ဇ် ရှာရစ်ဖ် (Shehbaz Sharif) ကတော့ ဒီတိုက်ခိုက်မှုဟာ အိန္ဒိယက အကြမ်းဖက် သမားတွေက လက်နက်မဲ့ ပါကစ္စတန် နိုင်ငံသားတွေကို တိုက်ခိုက်တာ ဖြစ်တယ်ဆိုပြီး ရှုတ်ချ ကြောင်း ထုတ်ပြန် လိုက်ပါတယ်။
ပါကစ္စတန်သမ္မတ Asif Ali Zardari ကလည်း အသေခံဗုံးခွဲ တိုက်ခိုက်မှုကို “ပြင်းပြင်းထန်ထန် ရှုတ်ချ” ကြောင်း ပြောကြားခဲ့ပါတယ်။
ဒေလီဘက်ကတော့ ပါကစ္စတန်ရဲ့ စွပ်စွဲပြောကြားချက် အပေါ် ဘာမှ တုန့်ပြန်တာမျိုး မရှိသေးပါ။
—————————
THN Public Media
