နိုင်ငံရေး

စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ခြင်း မရှိကြောင်း NUCC အသိပေး ထုတ်ပြန်

ဒီဇင်ဘာ ၃ – ၂၀၂၅

အင်ဒိုနီးရှားနိုင်ငံက ဖိတ်ကြားခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ စစ်အုပ်စု ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ခြင်း မရှိကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ထုတ်ပြန် က ဒီကနေ့ သတင်းထုတ်ပြန်ထား ပါတယ်။

ဒီဖိတ်ကြားမှုနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က မတက်ကြောင်း သေချာမှ တက်ရောက်ခဲ့တာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

နိုဝင်ဘာလ ၂၅ ရက် ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ အဲဒီ အလုပ်ရုံဆွေးနွေးပွဲဟာ “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေး ဆိုင်ရာ အတွေ့ အကြုံများကို မျှဝေခြင်း” ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး တခြား တော်လှန်ရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်များတွေနဲ့ အတူ NUCC ကိုယ်စားလှယ် (၂) ဦး တက်ရောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ စစ်ကော်မရှင်ဘက်ကလည်း အင်ဒိုနီးရှားရဲ့ ဖိတ်ကြားချက်အရ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တယ်လို့ ဆိုကြပါတယ်။

—————————

ထုတ်ပြန်ချက် အပြည့်အစုံ

——————

အသိပေးထုတ်ပြန်ချက် 📌

၂၀၂၅ ဒီဇင်ဘာ ၃၊ NUCC

လတ်တလော ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ NUCC ၏ ရပ်တည်ချက် နှင့် သဘောထားကို အများပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေရန် အတွက် အောက်ပါအတိုင်း အသိပေး ထုတ်ပြန် အပ်ပါသည်။

၁။ Office of Special Envoy on Myanmar Issue (အင်ဒိုနီးရှားနိုင်ငံ)၏ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲဖိတ်ကြားချက်ကို NUCC အနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ ရက်စွဲဖြင့် လက်ခံရရှိခဲ့ပါသည်။

၂။ အဆိုပါ ဖိတ်ကြားချက်ကို ရရှိပြီးနောက် အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်၊ အခြားပါဝင်မည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို သေချာရှင်းလင်းစွာ သိရှိနိုင်ရန် NUCC အနေဖြင့် မေးမြန်းခဲ့ပါသည်။

၃။ Office of Special Envoy on Myanmar Issue (အင်ဒိုနီးရှားနိုင်ငံ)၏ NUCC သို့ ပြန်လည်ဖြေကြားချက်များအရ ဖိတ်ကြားမှုတွင်အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်များ လုံးဝမပါရှိကြောင်းသေချာမှသာ NUCC အတွင်းဆွေးနွေးဆုံးဖြတ်၍ ကိုယ်စားလှယ်စေလွှတ်ခဲ့ခြင်း ဖြစ်ပါသည်။

၄။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ မှ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့သော “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေး ဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်း” အလုပ်ရုံဆွေးနွေးပွဲတွင် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ NUCC ကိုယ်စားလှယ် (၂) ဦးတက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်များနှင့် မည်သည့်နေရာ၊ မည်သည့်အခြေအနေတွင်မျှ တွေ့ဆုံခဲ့ခြင်း မရှိခဲ့ပါ။

၅။ အလုပ်ရုံ​​ဆွေး​နွေးပွဲတွင် အင်ဒိုနီးရှား Special Envoy on Myanmar ရုံးအဖွဲ့မှ မျှ​ဝေ​​သော “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများ” ကို ​​လေ့လာခဲ့ကြပြီး ပါဝင်တက်​ရောက်သူများအကြား လေ့လာ​တွေ့ရှိမှုများအ​ပေါ် ​အမြင်များ ဖလှယ်​ဆွေး​နွေးခဲ့ကြခြင်းကိုသာ ​ဆောင်ရွက်ခဲ့ကြပါသည်။

၆။ NUCC အနေဖြင့် တော်လှန်ရေး အောင်မြင်မှုကို ရှေးရှု၍ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ကတိကဝတ်များ နှင့်နိုင်ငံရေးလမ်းပြမြေပုံအတိုင်းသာ ဆက်လက် ကိုင်စွဲ ရပ်တည်သွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန် အပ်ပါသည်။

သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေး အလုပ်အဖွဲ့

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)

—————–

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *