နိုင်ငံရေး

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးတဲ့နောက် ငြိမ်းချမ်းစွာ အာဏာလွှဲ ပေးဖို့ စစ်ကော်မရှင်ကို တောင်းဆို

ဒီဇင်ဘာ ၉ – ၂၀၂၅

မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲ အပြီးမှာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်ကော်မရှင်အနေနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က မနေ့က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့လတုန်းကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောကြားရာမှာ မြန်မာနိုင်ငံက လာမယ့် ရွေးကောက်ပွဲဟာ “လွတ်လပ်ပြီး ယုံကြည်စိတ်ချရမှာ မဟုတ်” ကြောင်း ပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံ အနေနဲ့လည်း “ရွေးကောက်ပွဲကို အသိအမှတ်ပြုမယ့် အနေအထား ရှိမှာမဟုတ်ဘူး” လို့ ခန့်မှန်းကြောင်း ပြောခဲ့ပါတယ်။

မစ္စတာ Sihasak Phuangketkeow ဟာ ဒီဇင်ဘာ ၇ ရက်နေ့က မြန်မာနိုင်ငံမှာ မြန်မာ စစ်ခေါင်းဆောင် နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို စစ်အစိုးရ ဝန်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီး တို့နဲ့လည်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ထိပ်တန်းသံတမန် တဦးက မြန်မာနိုင်ငံမှာ “လာမယ့် ရွေးကောက်ပွဲဟာ အရေးပါတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု တခု ဖြစ်လာလိမ့်မယ်… ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစိတ်တပိုင်း လည်း ဖြစ်လိမ့်မည်လို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်” လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်သူတွေကတော့ စစ်အစိုးရဟာ ရွေးကောက်ပွဲ မတိုင်မီ ကန့်ကွက် ဆန္ဒပြမှုတွေကို ဖိနှိပ်မှုတွေ ရှိနေကြောင်း သတိပေးထားပြီး၊ အကဲခတ်တွေကလည်း ဒီရွေးကောက်ပွဲဟာ စစ်တပ်ကနေ ဆက်အုပ်ချုပ်မှာကို ဖုံးကွယ်ဖို့ လှည့်ကွက် တခုသာ ဖြစ်တယ်လို့ ဖေါ်ပြကြပါတယ်။

ref: AFP

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *