မြန်မာနိုင်ငံမှာ အဆုံးမရှိ စစ်ပွဲတွေကြောင့် ဒုက္ခဝင်္ကပါတော အတွင်း ကျရောက်နေရပြီး တန်းဖိုးရှိတဲ့ လူ့အသက်ပေါင်းများစွာ စတေးခံနေရပြီး ပြည်သူတွေဟာ ဆင်းရဲဒုက္ခတွေကို နေ့စဥ် ရင်ဆိုင်နေကြရတယ်လို့ ဂျပန်နိုင်ငံ Hands Of Peace ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့ကနေ ဒီကနေ့ ကြေညာ တောင်းဆိုချက် တခု ထုတ်ပြန်လိုက်ပါတယ်။
စစ်ကော်မရှင်အနေနဲ့ လေယာဥ်နဲ့ ဗုံးကြဲတာတွေ ရပ်ဖို့၊ တော်လှန်ရေးဘက်ကလည်း မြို့သိမ်းရွာသိမ်း တိုက်ပွဲတွေရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အကုန် ပြန်လွှတ်ကာ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေး အဖြေ ရှာဖို့ နှစ်ဘက် စလုံးကို တောင်းဆိုထားတာ ဖြစ်ပါတယ်။
အခုလို တောင်းဆိုရတာဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေ အကြား ဘယ်ဘက်ကိုမှ အလေးသာ စေဖို့ မဟုတ်ဘဲ ပြည်သူတွေရဲ့ ဆန္ဒအရ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်၊ အနာဂတ်ဘဝ အတွက် ဆောင်ရွက်ပေးဖို့ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
Hands Of Peace ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့ကနေ စစ်ကော်မရှင်အတွက် အချက် ၅ ချက်နဲ့ တော်လှန်ရေးအဖွဲ့အတွက် အချက် ၅ ချက်တို့ကို တောင်းဆိုထားပါတယ်။
—————————
THN Public Media
