ဇန်နဝါရီ ၄ – ၂၀၂၆ (မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့)
၇၈ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က မြန်မာနိုင်ငံ နဲ့ ပတ်သက်ပြီး ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ မစ္စတာ မာကို ရူဘီယို က
“ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုနေကြ တဲ့ မြန်မာပြည်သူတွေနဲ့ အတူ အမေရိကန်နိုင်ငံ ကလည်း ထောက်ခံ ရပ်တည်နေတယ် ဆိုတာကို ကျွန်တော် ထပ်လောင်းအတည်ပြုလိုပါတယ်။”
“အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်း၊ တရားမျှတ ပြီး သာယာဝပြောတဲ့ အနာဂတ် ရရှိရေးအတွက် ဆက်လက်ပြီးတော့ ကတိကဝတ်ပြု ထောက်ခံ သွားမှာ ပါ။”
“မြန်မာနိုင်ငံမှာ အခုထိ ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ အမေရိကန်အနေနဲ့ အင်မတန်မှ စိုးရိမ်ပူပန်မိပါတယ်။”
“စစ်အုပ်ချုပ်ရေးယန္တရားအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေကိုလည်း ဘာအဟန့်အတားမှ မရှိဘဲ ပေးဝေခွင့်ရအောင် ဆောင်ရွက်ပေးဖို့၊ မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ သူတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နဲ့ အကျပ် အတည်း ကို ငြိမ်းချမ်းပြီး ရေရှည် တည်တံ့မယ့် နည်းလမ်းနဲ့ အဆုံးသတ်နိုင်ဖို့ အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ ကျွန်တော်တို့က တိုက်တွန်းပါတယ်။” လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် “ဒီလို ငြိမ်းချမ်းရေးရဖို့ လုပ်ဆောင်တာဟာ လုံခြုံပြီး သာယာဝပြောတဲ့ အင်ဒို-ပစိဖိတ် ဒေသကြီး ဖြစ်လာဖို့ အတွက် အခြေခံအကျဆုံး အချက်ပဲ ဖြစ်ပါတယ်” လို့လည်း ထုတ်ပြန်ထားပါတယ်။
—————————
THN Public Media
